အရပ်သားသေဆုံးမှုနဲ့ တော်လှန်ရေးအင်အားစုတွေ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ ယာယီသမ္မတတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အရပ်သားသေကြေမှုတွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစု တပ်ဖွဲ့ဝင်တွေ အကျအဆုံးနည်းနိုင်သမျှနည်းရေးကို အဓိက လုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းကို ဒီဇင်ဘာ (၁၃) ရက် ဒီကနေ့ပြုလုပ်ရာမှာ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ပြီး အဲ့ဒီလို ထည့်သွင်းပြောဆိုတိုက်တွန်းတာပါ။

တော်လှန်ရေး အင်အားစုတွေအနေနဲ့ ကျင့်ဝတ်၊ စည်းမျဉ်းတွေ၊ စံနှုန်းတွေကို လိုက်နာနေတာကြောင့် စစ်ကိုစစ်လို မတိုက်နိုင်တဲ့အခြေအနေမှာ စစ်ကောင်စီကတော့ အနိုင်ရရေးအတွက် ဘယ်ကိစ္စကိုမဆို လက်မရွံလုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။

“တဖက်မှာ တရားသော ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ခုခံကာကွယ်နေရသလို တဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းနေရပါတယ်”လို့ NUG ယာယီသမ္မတက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်ရေးအသာစီးရဖို့အတွက် နိုင်ငံရေးကို နည်းမျိုးစုံနဲ့ လှည့်ကွက်တွေထွင်ပြီး လုပ်နေသလို စစ်ရေးပစ်မှတ်/အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းက ဗုံးကျဲတိုက်ခိုက်မှုတွေလည်း လုပ်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးက မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းထိုးစစ်ဆင်မှုတွေ အဓိကထားလုပ်ဆောင်လာတာဟာ မြေပြင် ကြည်းတပ်အင်အား ယုတ်လျော့ချိနဲ့လာတာကို ပြနေတာဖြစ်ပြီး တဖက်မှာလည်း လေကြောင်းထိုးစစ်တွေကြောင့် စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ပိုများလာနေတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေး အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှုရှိထားရေးတို့အပေါ် မူတည်နေပြီး ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှားပြနိုင်တဲ့ စစ်ရေးအောင်မြင်မှုတွေရဖို့လိုသလို တဖက်မှာလည်း ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုရေချိန်လျော့ပါးမသွားဖို့၊ ပြည်ပမိတ်ဆွေနိုင်ငံတွေ တိုးပွားလာဖို့ လုပ်ဆောင်နေဖို့ လိုတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းမှုနဲ့ ပတ်သက်လို့လည်း သမ္မတ ဒူဝါလရှီးလက အကြံပေးပြောဆိုခဲ့ပြီး အဲ့ဒီကော်မတီမှာ ဥပဒေကျွမ်းကျင်သူတွေ၊ နိုင်ငံရေးအမျှော်အမြင် အားကောင်းသူတွေ၊ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာမှာ အတွေ့အကြုံရှိသူတွေပါဝင်သင့်တယ်လို့ ပြောပါတယ်။