စစ်ကြောင်းထိုးခံခဲ့ရတဲ့ ကလေးမြို့တောင်ပိုင်းကျေးရွာတွေမှာ စပါးအထွက်နှုန်းလျော့ပြီး စိုက်ခင်းတွေပိုးကျ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ အခုနှစ်ထဲ စပါးအထွက်နှုန်းတွေ အလွန်လျော့ကျနေတဲ့အပြင် ပဲခင်းတွေလည်း ပိုးကျနေတာကြောင့် ဒေသခံတွေ ဆုံးရှုံးမှုတွေများပြီးကျပ်တည်းနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ တင်သားကျေးရွာ၊ မှန်တောရွာ၊ ရှားဖိုရွာ၊ ကျောက်ဖူးရွာနဲ့ အရှေ့စည်း စတဲ့ရွာတွေမှာ အခုလို စိုက်ပျိုးမြေတွေ အထွက်နှုန်းကျဆင်းနေတာဖြစ်ပြီး ဒီရွာတွေဟာဆိုရင် ပြီးခဲ့တဲ့ မေလထဲမှာ စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့ရွာတွေလည်း ပါဝင်နေပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးချိန်တုန်းက အပြင်လယ်ရေသွင်းမြောင်းပေါက်ကို စစ်တပ်က ထိန်းချုပ်ထားခဲ့တာကြောင့် တင်သားနဲ့ရှားဖိုဘက်က ကျေးရွာတွေဟာ လယ်ရေအပြည့်အဝမရခဲ့တာတွေကြောင့် အခုလိုဖြစ်ရတာလို့လည်း ဒေသခံတွေကပြောပါတယ်။

” စပါးတုန်းကလည်း အရင်နှစ်တွေကထက်စာရင် ငါးပုံပုံနှစ်ပုံလောက်ပဲ ရကြတာ။ စပါးအထွက်နူန်းလျော့ကျခဲ့ရတာဟာ စပါးစိုက်ပျိူးချိန်တုန်းက စစ်ကောင်စီစစ်ကြောင်း အန္တရာယ်ကြောင့် အလုပ်ကိုကောင်းကောင်းလုပ်ခွင့်မရတာ၊ အိမ်တွေမီးရှို့ဖျက်ဆီးခံရလို့ နေစရာပြန်လည်တည်ဆောက်ရတာတွေကြောင့်ဖြစ်တယ်’’ လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက အခုလိုစိုက်ခင်းပိုးကျခဲ့ပေမယ့် ဆေးဖြန်းပြီးရင် အဆင်ပြေပေမယ့် အခုနှစ်မှာတော့ ဆေးဖြန်းပြီးပေမယ့်လည်း ပိုးကျတာရပ်မသွားဘူးလို့ ဆိုကြပါတယ်။

“ဂျပန်ပဲယင်းခင်းတွေ အကုန်လုံးပိုးကျတာ။ အရှေ့ဘက်တန်းတွေရာပါအကုန်ကျတာ။ စိုက်တာကလည်း ဂျပန်ပဲယင်းတွေပဲ အကုန်စိုက်ကြတာ။ မျိုးတောင် တတင်းတသိန်းပေးပြီး စိုက်ထားရတာ။ ပိုးတွေကကျ။ စျေးကဘယ်လိုလာဦးမလဲ မသိဘူး” လို့ တင်သားကျေးရွာ တောင်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေဟာ ပိုးသတ်ဆေး စျေးနူန်းကြီးမြင့်တာ၊ စိုက်ခင်းတွေ ပိုးကျတာတွေနဲ့စပါးအထွက်နှုန်း ကျဆင်းတာတွေကြောင့် ခက်ခဲကျပ်တည်းမှုတွေ ဆက်ဖြစ်နေကြရတယ်လို့လည်းဒေသခံတွေက ပြောပြကြပါတယ်။