စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်ကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း တွေဟာ နယ်မြေချင်းဆက်စပ်နေတဲ့ ရေဦးနယ်ထဲဝင်လာပြီးနောက် သုံးရက်အတွင်း ရွာခြောက်ရွာ မီးရှို့ခဲ့ကာ ဆက်လက်မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကြောင်းနှစ်ခုဟာ ဒီဇင်ဘာ(၁၀)ရက်ကစပြီး ရေဦးမြို့နယ် အနောက်ခြမ်းနဲ့ တောင်ခြမ်းကျေးရွာတွေထဲ ဆက်လက်စစ်ကြောင်းထိုး မီးရှို့နေတာဖြစ်တယ်လို့ အဲ့ဒီ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းတွေဟာ ရေဦးနယ်ထဲရောက်တဲ့နေ့ကစလို့ နေ့စဉ်ဆက်တိုက် မီးရှို့နေတာဖြစ်ပြီး ဒီကနေ့အထိ ပေါက်သာ၊ ဇိန့်ဇွန်း၊ပိဋကတ်ကျ၊ ရွာမိသာ၊ မုတ်စီ စတဲ့ရွာတွေက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါ တယ်။
မီးရှို့ံရတဲ့ ကျေးရွာတွေက ပျက်စီးဆုံးရှုံးတဲ့အခြေအနေကိုမသိရသေးဘူးလို့ ရေဦးမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။
“ရွာလုံးကျွတ်နီးပါးပါပဲ၊အိမ်ခြေတွေကိုတော့အတည်မပြုနိုင်သေးဘူးဗျ၊အခြေအနေတွေကမရှင်းသေးတော့”လို့သူက ဆိုပါတယ်။
စစ်တပ်က အဲ့ဒီလို စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် မီးရှို့ခံရတဲ့ ကျေးရွာတွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရပြီး စုစုပေါင်း ရွာ(၂၀)လောက်က ဒေသခံပြည်သူ လေးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေဦးမြို့ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေနဲ့စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာနေထိုင်နေရပြီး စစ်ကောင်စီစစ်ကြောင်းနှစ်ခုကတော့ကျေးရွာတွေကို ဆက်လက်မီးရှို့နေ တယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၄နဲ့ခမရ ၇၀၁ကတပ်ဖွဲ့ဝင်တွေပါတဲ့ အဲ့ဒီ စစ်ကြောင်း နှစ်ခု ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်ကနေ ၁၀ရက်အထိ ဒီပဲယင်းအရှေ့ခြမ်းက ရွာနှစ်ဆယ်လောက်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ (၁၇၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒီပဲယင်းက သတင်းရင်းမြစ်တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။
ရန်ကုန် မှော်ဘီအခြေစိုက် ခမရ ၇၀၁နဲ့ စစ်ကိုင်းတိုင်း၊ မော်လိုက်အခြေစိုက် ခမရ ၃၆၄တို့ကစစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေဟာ ကန့်ဘလူ၊ တန့်ဆည်၊ ရွှေဘို၊ ခင်ဦး၊ ရေဦး မြို့နယ်တွေထဲ ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနေင်များ အဖွဲ့က ဆိုထားပါတယ်။