ဘားအံမြောက်ပိုင်းက၊မီးပုန်းကျေးရွာကို BGF က စစ်ကြောင်းထိုးဝင်ကာ လူနေအိမ်တလုံးမီးရှို့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြောက်ပိုင်းက မီးပုန်းကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ဒီဇင်ဘာ(၁၀)ရက်မှာ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နောက်တရက်မှာ ရွာထဲက အိမ်တလုံးကို မီးရှို့သွားတယ်လို့ ဒေသခံတဦးက DNA ကိုပြော ပါတယ်။

“တိုက်ပွဲမဖြစ်ဘူး၊ ဒီအတိုင်းလက်နက်ကြီးတွေနဲ့ပစ်တာ၊ မီးရှို့တာက အိမ်တလုံးပဲ၊ အကုန်လောင်သွားတယ်၊ သူ့ဆိုင်(မီးရှို့ခံရတဲ့အိမ်)က ကုန်စုံဆိုင်ရောင်းတာ၊ သူတို့(BGF)ကရမ်းပစ်တာ၊ တနေ့နဲ့တညလုံး၊ “ လို့သူက ပြောပါတယ်။

 

မီးပုန်းရွာထဲ စစ်ကြောင်းထိုးဝင်လာတဲ့တပ်ဟာ အမှတ်(၁၀၁၄)BGF တပ် က ဗိုလ်တင်ဝင်းဦးဆောင်တဲ့ တပ်ဖွဲ့ ဝင် တွေဖြစ်ပြီး ကုန်စုံဆိုင်ရှိတဲ့နေအိမ်ကို ဘာကြောင့် မီးရှို့ခဲ့တယ်ဆို တာကိုတော့မသိရပါဘူး။

 

ဘားအံမြို့ကနေ ကားနဲ့ တနာရီခွဲလောက် ခရီးအကွာမှာရှိတဲ့ သန်လွင်မြစ်ကမ်းဘေးက မီးပုံးကျေးရွာဟာ KNU တပ်မဟာ(၁)နဲ့နီးပြီး KNUဘက်က ပြန်တိုက်ခိုက်ရင် ရွာထဲကနေအိမ်တွေကို ထိခိုက်လာနိုင်တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“တို့နေတာက တပ်မဟာ(၁)နဲ့နီးတယ်လေ၊ ပြန်လုပ်ရင် ရွာသားအိမ်တွေကိုထိခိုက်မှာလေ၊ ငြိမ်နေတာ” လို့ မီးပုန်း ရွာသားတစ်ဦးက ပြောပါတယ်။

 

နေအိမ်တလုံးမီးရှို့ဖျက်ဆီးခံရတဲ့အပြင် BGF က ရမ်းသမ်းပစ်ခတ်တာကြောင့်  ဒေသခံတဦး လက်နက်ကြီး စထိမှန် ဒဏ်ရာရခဲ့သလို ဒေသခံနေအိမ်တချို့ လက်နက် ကြီးထိမှန်ပျက်စီးခဲ့တာ၊လယ်ကွင်းထဲလွှတ်ထားတဲ့ နွား ခြောက်ကောင်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် အခုလို ရွာထဲပစ်ခတ်စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံရွာသားတွေ အနီးဝန်းကျင် ကျေးရွာ တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်းသိရပါတယ်။အခုလို BGF ကရွာထဲ စစ်ကြောင်းထိုးဝင် ရောက်မှုလုပ်တဲ့ နယ်မြေအတွင်း လတ်တလောနှစ်ဘက်ထိတွေ့ပစ်ခတ်မှုမရှိဘူးလို့ KNU နဲ့ နီးစပ်တဲ့ KIC သတင်း ဌာနက KNLA တပ်မှူးတဦးကို ကိုးကားဖော်ပြပါတယ်။

 

မီးပြန်းရွာပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့တဲ့ BGF တပ်ဟာ ဒီကနေ့မှာတော့ ကမမောင်းဘက်ပြန်ထွက်ခွာ သွားတယ်လို့ KIC သတင်းဌာနက ဖော်ပြပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း BGF တပ်ဖွဲ့ဝင်တွေဟာ ဘားအံမြို့နယ် အတွင်းက မိကရင်ရွာကို ဝင်ရောက်ပစ်ခတ်လို့ ဒေသခံသုံးဦးသေဆုံးခဲ့ပါသေးတယ်။