ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲစဉ်တွေကစလို့ ဒီဇိုင်းအသစ်နဲ့ ဘောလုံးကို ပြောင်းလဲ အသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတလျှောက်မှာ အဖြူရောင် နောက်ခံနဲ့ ဒီဇိုင်းထုတ်ထားတဲ့ Al Rihla ဘောလုံးကို တောက်လျှောက် သုံးလာပေမယ့် အကြိုဗိုလ်လုပွဲ နှစ်ပွဲ၊ တတိယလုပွဲနဲ့ ဗိုလ်လုပွဲတွေမှာ ရွှေရောင်နောက်ခံ ဒီဇိုင်း ပြောင်းလဲထားတဲ့ Al Hilmကို ပြောင်းလဲ အသုံးပြု ယှဉ်ပြိုင်စေမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ပြီးခဲ့တဲ့ သီတင်းပတ်ကုတ်မှာ အတည်ပြုထားပါတယ်။
Al Rihlaဆိုတဲ့ စကားလုံးဟာ ‘ခရီး’လို့ အဓိပ္ပါယ်ရပြီး Al Hilmကတော့ ‘အိပ်မက်’လို့ ဖွင့်ဆိုနိုင်ပါတယ်။ ဘောလုံး နှစ်လုံးက အခြေခံ ဒီဇိုင်းတွေ တူပေမယ့် သုံးထားတဲ့ အရောင်တွေက သိသိသာသာ ကွဲပြားသွားပါတယ်။ အရင်က အပြာနဲ့ လိမ္မော်ရောင် ရောစပ်ထားတဲ့ သုံးထောင့်ချွန် ဒီဇိုင်းတွေဟာ အနီနဲ့အနက် ပြောင်းသွားပြီး ကာတာနိုင်ငံ၊ ဒိုဟာ မြို့တော် တဝိုက်က သဲကန္တာရတွေကို ကိုယ်စားပြု ဖော်ဆောင်ထားတာ ဖြစ်တယ်လို့ ဘောလုံးတွေကို ဖန်တီး ထုတ်လုပ်တဲ့ ဂျာမန် အားကစားပစ္စည်း လုပ်ငန်းစုကြီး Adidasက ပြောပါတယ်။
Al Rihlaဟာ Al Hlimလိုပဲ ဘောလုံးရဲ့ အတွင်းပိုင်းမှာ အာရုံခံ နည်းပညာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ပွဲကစားနေချိန်အတွင်း အချက်အလက်တွေကို စုဆောင်းပေးနေမှာပါ။ ဒါကြောင့် အဲဒီ ဘောလုံးတွေမှာ လေထိုးဖို့ထက် ပုံမှန် ဓာတ်အား ပြန်သွင်းဖို့က ပိုပြီး အရေးတကြီး လိုအပ်ပါတယ်။
Al Hilmဟာ အားကစားရဲ့ စွမ်းအားကို မီးရှူးတန်ဆောင်အဖြစ် တင်စားပြီး ဘောလုံးဟာ တစ်ကမ္ဘာလုံးကို စုစည်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကိုယ်စားပြုတယ်လို့ Adidasရဲ့ အထွေထွေ မန်နေဂျာ နစ်ခ် ကရက်ဂ်က ပြောပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလား အောင်အောင်မြင်မြင် ကျင်းပနိုင်မှုကို ဂုဏ်ပြုတဲ့ အနေနဲ့ Al Rihla ဘောလုံးပေါင်း တစ်သန်းလောက်ကို ကမ္ဘာ့နိုင်ငံ တချို့ဆီ အမှတ်တရ လက်ဆောင် အနေနဲ့ ဖြန့်ဝေ ပေးပို့ခဲ့ကြောင်းလည်း သိရပါတယ်။