ဒီပဲယင်းမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်က နေအိမ်နဲ့အဆောက်အအုံ တထောင့်ခြောက်ရာကျော် မီးရှို့ခံရပြီး ပြည်သူသုံးသောင်းခွဲကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ကျေးရွာနှစ်ဆယ်ဝန်းကျင်က ဘာသာရေး အဆောက် အအုံနဲ့ နေအိမ်တွေအပါအဝင် စုစုပေါင်း အဆောက်အုံ (၁၆၀၀) ကျော်ကို စစ်တပ်က ဆယ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ သုံးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲ့ဒီမြို့နယ်က စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာအတွင်း ခင်ဦးနဲ့ ရွေဘိုမြို့နယ်တွေထဲ စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ခဲ့ပြီးနောက် နိုဝင်ဘာလကုန်ပိုင်းမှာ ရွေဘိုအနောက်ခြမ်း မူးမြစ်ကမ်းကနေ ဒီပဲယင်းမြို့နယ်အရှေခြမ်း ရွာတွေဆီ ဆက်လက်ဝင်ရောက် စီးနင်းခဲ့တာပါ။

အဲ့ဒီလို ဝင်လာပြီးနောက် ဒီဇင်ဘာ (၂) ရက်မှာ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ညောင်လှရွာကို စတင်မီးရှို့ခဲ့ပြီး ဒီဇင်ဘာ (၁၁) မနေ့ကအထိ ကျေးရွာ (၁၈) ရွာက နေအိမ် (၁၆၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်း စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအချိန်အထိ ကောက်ယူထားတဲ့ စာရင်းဖြစ်လို့ နေအိမ်ပျက်စီးဆုံးရှုံးမှု ထပ်တိုးလာနိုင်သေး တယ်လို့လည်း ဆိုပါတယ်။ စစ်တပ်စစ်ကြောင်းက မီးရှို့သွားတဲ့ ရွာတွေမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တွေပါသေဆုံးလို့ လူသိများခဲ့တဲ့ လက်ယက်ကုန်းရွာလည်း ပါဝင်ပါတယ်။

အဲ့ဒီလို မီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေသခံပြည်သူနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပြီး လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီပဲယင်းနဲ့ ထိစပ်နေတဲ့ ရေဦးမြို့နယ်ထဲဝင်သွားပြီး မီးရှို့ဖျက်ဆီးတာတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

တိမ်းရှောင်နေရတဲ့ ဒီပဲယင်းဒေသခံတွေဟာ အနီးနားရွာတွေက စာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်းတွေမှာ စုပေါင်းနေထိုင်နေရပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ခြုံစောင်၊ မိုးကာ တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က ကျေးရွာတွေကို ဝင်ရောက်မီးရှို့ချိန်မှာ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံရတာ၊သတ်ဖြတ်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

“တချို့ဒေသခံတွေဆို သတ်ဖြတ်ခံရပြီး မီးလောင်တဲ့အထဲ ပစ်ထားခဲ့တာတွေရှိသလို၊ တချို့ကိုကျတော့ မီးလောင်တဲ့အိမ်နားမှာ ထားခဲ့တာတွေရှိတယ်။ သေဆုံးတာက သုံးဦးလောက်ရှိတယ်” လို့ ဒီပဲယင်းမြို့နယ်၊ စစ်ဘေးရှောင် ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူက ​ပြောပါတယ်။

ကျေးရွာထဲက နေအိမ်ရှစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့တဲ့ မဲအိုးကျေးရွာဒေသခံ အဘိုးအိုတဦးဟာ မီးလောင်သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီရွာထဲ ဝင်ရောက်ခဲ့တဲ့ စစ်သားတွေဟာ ရွာစာသင်ကျောင်းက ဝှိုက်ဘုတ်ပေါ်မှာ “PDF ကို များများအားပေးလေ၊ စစ်ဘေးဒဏ်သင့်လေ၊ ပြာများများကျလေ၊ ရွာမရှိတဲ့ တိုင်းဒေသကြီးမှာ နေရမည်” လို့ ခြိမ်းခြောက်ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့သူတွေဟာ စစ်ကောင်စီ လက်အောက်ခံ ခမရ-၇၀၁ နဲ့ ခမရ- ၃၆၄ က စစ်ကြောင်းတွေဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတပ်မတွေက စစ်သားတွေဟာ စစ်ကိုင်းတိုင်းအတွင်း ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦးမြို့တွေက ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုး မီးရှို့ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီ တပ်ရင်း (၇၀၁) ဟာ တပ်မ ၇၇ လက်အောက်ခံ မှော်ဘီမြို့အခြေစိုက် ခြေမြန်တပ်ရင်း တခုဖြစ်ပြီး ခမရ ၃၆၄ ကတော့ စစ်ကိုင်းတိုင်း မောလိုက်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ဖြစ်ပါတယ်။