စစ်တပ်ဖမ်းသွားတဲ့တွံတေးမြို့ကလူငယ် လေးဦးအသက်အန္တရာယ်စိုးရိမ်နေရ

ရန်ကုန်တိုင်း၊ တွံတေးမြို့က ဒေသခံလူငယ် လေး ဦးကို စစ်တပ်ကဖမ်းဆီးသွားပြီးနောက် ညှင်းပန်းနှိပ်စက် နေလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တွံတေးမြို့ဘုရား ငုတ်တိုကျေးရွာအနီး ဒလ-တွံတေးကားလမ်းပေါ်မှာ ဒီ ဇင်ဘာ(၉)ရက်ညနေပိုင်းက လူငယ်နှစ်ဦးကို စတင်ဖမ်းဆီးခဲ့ပြီး ကွင်းဆက်အဖြစ် နောက်ထပ် လူငယ်နှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးစစ်ဆေး နေတယ်လို့သိရပါတယ်။

“လက်ရှိသူတို့ကိုတွံတေး ကံဘဲ့ကျေးရွာ စာသင်ကျောင်းနံဘေးက ဘုန်းကြီးကျောင်းထဲမှာဖမ်းဆီးနှိပ်စက်နေတယ်ဗျ၊တော်တော်ပြင်းထန်တယ်”လို့ တွံတေးမြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့  လူငယ်လေးဦးဟာ အသက်(၁၅) နှစ်ကနေ (၂၀)နှစ်အထိ အရွယ်ရှိသူတွေဖြစ်တဲ့ ကိုဖြိုးသင်္ခ၊ကိုစိုးရာဇာကျော်၊ကိုအောင်ကျော်ကျော်နဲ့ မောင်စိုးသူလွင်တို့ ဖြစ်တယ်လို့သိရ ပါတယ်။

အဲ့ဒီလူငယ်လေးဦးထဲက နှစ်ဦးကို စတင်ဖမ်းဆီး ချိန်မှာ လက်လုပ်ဗုံးသုံးလုံး စစ်ဆေးတွေ့ရှိလို့ ဖမ်းတာဖြစ်တယ်လို့ မြို့ခံတွေကိုစစ်တပ်က သတင်းလွှင့်ထားတယ်လို့ဆိုပါတယ်။

တွံတေးမြို့အခြေစိုက် တော်လှန်ရေး အင်အားစု တချို့ကတော့ ဒီလူငယ်လေးဦးဟာ သူတို့နဲ့ မပတ်သက်ဘူးလို့ DNA ကိုပြောပါတယ်။

“အဲ့ကလေးတွေကကျနော်တို့နဲ့မပက်သက်ဘူးဗျ၊သို့ပေမယ့်တော်လှန်ရေး ရဲဘော်မည်သူမဆိုအချည်းနှီးဆုံးရှုံးဖို့မသင့်ဘူး၊အဲ့ကလေးတွေသေဖို့များနေတယ်၊လက်ရှိစကစဟာ ဖမ်းမိတဲ့သူတွေကိုပစ်သတ်တယ်။နောက်တော့ထွက်ပြေးလို့ပစ်ရတယ်လို့သတင်းလွှင့်လေ့ရှိတယ်ဗျ၊ အခုလည်းအဲ့လို လုပ်နိုင်တယ်”လို့တွံတေးပကဖတာဝန်ခံဗိုလ်တွံတေးက ပြောပါတယ်။

 ဖမ်းဆီးခံလူငယ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က မြေအောက်တော်လှန်ရေးအဖွဲ့က အဖွဲ့ ဝင်တွေဖြစ်တယ်လို့ စွပ်စွဲမှုတွေရှိနေပေမယ့် တွံတေးမြို့နယ်အတွင်း တော်လှန်တိုက်ခိုက်မှုတွေလုပ်နေတဲ့ Twantay Rangerအဖွဲ့၊Twantay Royal Defence Force စတဲ့အဖွဲ့တွေကတော့ အဲ့ဒီဖမ်း ဆီးခံရမှုနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ပြော ဆိုတာမရှိသေးပါဘူး။

စစ်ကောင်စီကလည်း အဲ့ဒီဖမ်းဆီးမှု နဲ့ပတ်သက် ပြီး လက်ရှိအချိန်အထိ တရားဝင်သတင်း ထုတ်ပြန်တာမတွေ့ရသေးပါဘူး။