ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမီးရှို့နေလို့ ပြည်သူနှစ်သောင်းကျော်စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကို အခုဒီဇင်ဘာလအစောပိုင်းကစလို့ ရက်သတ္တပတ်နှစ်ပတ်နီးပါး စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ဒီဇင်ဘာ ၉ ရက်နေ့မှာလည်း ကိုးတောင့်ဘို့နယ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကောလင်းနယ်ထဲက ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်မီးရှို့နေတာကြောင့် ရွာပေါင်း ၂၃ ရွာက ဒေသခံနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာကိုစစ်ဘေးတိမ်းရှောင်နေကြရတာပါ။

 

ဒီဇင်ဘာ ၁၀ရက်နေ့မှာလည်း ဇီးဖြူကုန်းရွာနဲ့ လျှော်ဖြူကုန်းရွာထဲကို စစ်ကြောင်းထိုးတဲ့စစ်ကြောင်းဟာ အိမ်ခြေပေါင်း ၆၉ အိမ်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းတော်လှန်ရေးအင်အားစုကလည်းထုတ်ပြန်ထားပါတယ်။

 

‘’၁၁ ရက်နေ့မှာလည်း ညောင်ကုန်း၊ ပေပင်ချောင်း၊ ကုက္ကိုကုန်း ရွာတွေကိုလည်း မီးဆက်ရှို့တယ်။ ပျက်စီးဆုံးရှုံးတဲ့အခြေအနေတွေတော့မသိရသေးဘူး’’ လို့ ကောလင်းဒေသခံတဦးက DNA ကိုပြောပါတယ်။

 

တဖက်မှာလည်း ကောလင်းနယ်ထဲမှာ စစ်ကောင်စီပုးပေါင်းစစ်ကြောင်းနဲ့ ကောလင်းကာကွယ်ရေးတပ်တွေဖြစ်တဲ့ KLPKFတပ်ရင်း(၁) ကောလင်းပကဖတို့ ကြား နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းထုတ်ပြန်ချက်တွေကဆိုပါတယ်။

 

ဒီအခြေအနေတွေကြောင့် ကောလင်းနယ်ထဲမှာ လက်ရှိ စစ်ရှောင်ရတဲ့ရွာ ၂၃ ရွာအထိရှိလာနေပြီး စစ်ဘေးရှောင်ပြည်သူ ၂၃၀၀၀ ကျော်လာပြီလို့ သိရပါတယ်။

 

‘’စစ်ရှောင်အခြေအနေက ဘေးကင်းရာရွေ့ထားပေမယ့် ဆေးဝါးနဲ့စောင်တွေလိုအပ်ချက်ရှိနေတယ်။တိုက်ပွဲကလည်းအခုထိဖြစ်နေတုန်းပဲ’’ လို့ ကောလင်း တော်လှန်ရေးအင်အားစုကဆိုပါတယ်။