လမ်းဘေးမှာ အစုလိုက် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း နှစ်ဒါဇင်ကျော် ဇမ်ဘီယာမှာ တွေ့ရှိ

ရုပ်အလောင်းပေါင်း နှစ်ဒါဇင်ကျော်ကို လမ်းဘေး တစ်နေရာမှာ စွန့်ပစ်ထားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဇမ်ဘီယာ ရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

 

သေဆုံးနေသူ ၂၇ ဦးရဲ့ အလောင်းတွေကို လမ်းဘေး တစ်နေရာမှာ အစုအပြုံလိုက် စွန့်ပစ်ထားတာကို ဇမ်ဘီယာရဲ့ မြို့တော် လူဆာကာရဲ့ မြောက်ဖက်က နူဝီရီရီ ဧရိယာမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တွေ့ရှိခဲ့ပါတယ်။ ကနဦး စစ်ဆေးမှုတွေအရ အားလုံးဟာ အသက်ရှူ မွန်းကျပ်ပြီး သေဆုံးခဲ့တယ်လို့ ယူဆရကြောင်း ရဲတွေက ပြောပါတယ်။

 

သေဆုံးသူတွေရဲ့ ရင်းမြစ်ကို အတိအကျ မသိရသေးပေမယ့် အီသီယိုးပီးယား နိုင်ငံက ရွှေ့ပြောင်းအခြေချတွေ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီ မီဝါလီက ဆိုပါတယ်။ အလောင်းတွေကြားမှာ အသက် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတဲ့သူ တယောက်ကို တွေ့လို့ ဆေးရုံကို ချက်ချင်း အရေးပေါ် တင်ပို့ထားကြောင်းလည်း သိရပါတယ်။

 

ဒီကိစ္စဟာ တရားမဝင် လူကုန်ကူးမှု ဂိုဏ်းတွေရဲ့ တာဝန်မဲ့ လုပ်ရပ်ကြောင့် လူ့အသက်တွေ ဆုံးရှုံးတဲ့ နောက်ထပ် ဖြစ်စဉ် တစ်ခုလို့ ယုံကြည်ရပါတယ်။ ဇမ်ဘီယာဟာ အာဖရိက ဦးချိုဒေသကို စွန့်ခွာပြီး တောင်အာဖရိက နိုင်ငံကို တရားမဝင် လမ်းကြောင်းတွေကနေ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်း အခြေချသူတွေ ခရီးတစ်ထောက်နားတဲ့ နေရာလည်း ဖြစ်ပါတယ်။

 

သေဆုံးသူတွေထဲက တချို့မှာ တွေ့ရှိတဲ့ စာရွက်စာတမ်းတွေအရ သူတို့ဟာ အီသီယိုးပီးယား နိုင်ငံသားတွေလို့ သိရှိထားကြောင်း၊ ဒါပေမဲ့ ၂၇ ဦးစလုံးက တူညီတဲ့ နိုင်ငံသားတွေ ဟုတ်မဟုတ်ဆိုတာ အတည်မပြုနိုင်သေးကြောင်း ရဲတွေက ဆိုပါတယ်။

သေဆုံးသူတွေရော၊ တစ်ဦးတည်း အသက်ရှင်သူပါ အသက် ၂၀ နဲ့ ၃၈ နှစ်ကြာ အမျိုးသားတွေချည်း ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရုပ်အလောင်းတွေကို ဇမ်ဘီယာ ဆရာအတတ်သင် ဆေးရုံရဲ့ ရင်ခွဲရုံဆီ ပို့ဆောင်ပြီး နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဇမ်ဘီယာရဲ့ အိမ်နီးချင်း မယ်လာဝီ နိုင်ငံမှာလည်း အောက်တိုဘာလတုန်းက အီသီယိုးပီးယား ရွှေ့ပြောင်း အခြေချသူ ၂၅ ဦးကို တစုတဝေး မြှုပ်နှံထားတဲ့ သင်္ချိုင်းနေရာ တခုကို ရှာတွေ့ခဲ့ဖူးပါတယ်။