လက်ရွေးစင်ဘဝ အနာဂတ်အတွက် အတိအကျ မှတ်ချက် မပေးသေးတဲ့ ရော်နယ်လ်ဒို

လက်ရွေးစင် ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်လို့ ဘယ်လို ဆုံးဖြတ်ထားသလဲ ဆိုတာကို ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုက နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

 

နာမည်ကြီး ပေါ်တူဂီ အသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်မှာ မော်ရိုကို အသင်းကို ၁-၀ နဲ့ အရေးနိမ့် ထွက်ခွာခဲ့ရပါတယ်။ အသက် ၃၇ နှစ်အရွယ် ရော်နယ်လ်ဒိုဟာ အဲဒီပွဲ အပါဝင် ပေါ်တူဂီရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပွဲစဉ် နှစ်ခုဆက်တိုက် အရန်ကစားသမား အနေနဲ့သာ ပါဝင်ခွင့် ရခဲ့ပါတယ်။ မော်ရိုကိုနဲ့ ရှုံးပွဲ အပြီးမှာ ရော်နယ်လ်ဒိုဟာ ကွင်းအပြင်ကို မျက်ရည်လည်ရွဲနဲ့ ထွက်သွားတာ တွေ့ရပါတယ်။

 

အသက်အရွယ်အရ ရော်နယ်လ်ဒိုဟာ နောက်တစ်ကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုမှာ ပါဝင်ကစားဖို့ မဖြစ်နိုင်သလောက် ရှိလာခဲ့ပါပြီ။ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ ရော်နယ်လ်ဒိုက ပေါ်တူဂီနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူဖို့ ဆိုတာဟာ သူ့ရဲ့ ဘောလုံးသမား ဘဝတလျှောက် ရည်မှန်းချက် အကြီးဆုံး အိပ်မက်တစ်ခု ဖြစ်ခဲ့ကြောင်း၊ ကံဆိုးစွာနဲ့ပဲ မနေ့က (စနေနေ့က) အဲဒီ အိပ်မက်ဟာ အဆုံးသတ်သွားကြောင်း ရော်နယ်လ်ဒိုက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

 

တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ် ဆွတ်ခူးနိုင်ခဲ့ဖူးပြီး အာဂျင်တီးနားသား လီယွန်နယ် မက်ဆီနဲ့အတူ မျိုးဆက်တစ်ခုရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် ရပ်တည်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီကို ကိုယ်စားပြုရင် ကမ္ဘာပေါ်မှာ လက်ရွေးစင် သွင်းဂိုး အများဆုံး သွင်းယူထားသူ အဖြစ်လည်း စံချိန်တင် ရပ်တည်နေပါတယ်။

 

ရော်နယ်လ်ဒိုက ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ပေါ်တူဂီအပေါ် ထားရှိတဲ့ သူ့ရဲ့ စိတ်နှစ်မြှုပ်မှုဟာ နည်းနည်းလေးမှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လဲ ဆိုပါတယ်။ သူက ပေါ်တူဂီ အသင်းကိုရော၊ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ ကာတာကိုပါ ကျေးဇူးတင်ကြောင်းနဲ့ အခုအချိန်မှာတော့ ပေါ်တူဂီ အသင်းဟာ အကြံပေး ဆွေးနွေးမှုတွေနဲ့ သက်ဆိုင်သူ တစ်ဦးချင်း ကိုယ်ပိုင် တွေးခေါ် ဆုံးဖြတ်မှုတွေအတွက် အချိန်ပေးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းလည်း မှတ်ချက် ပေးသွားပါတယ်။

 

ဒါပေမဲ့ ရော်နယ်လ်ဒိုက ပေါ်တူဂီအတွက် ဆက်ပြီး ကိုယ်စားပြု ကစားပေးဦးမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။ သူဟာ ပေါ်တူဂီ အသင်းအတွက် ၁၉၆ ပွဲ ကစားပြီး သွင်းဂိုး ၁၁၈ ဂိုးထိ ရယူပေးထားနိုင်ခဲ့ပါတယ်။