ဆောမှာစစ်တပ်ကတောင်ယာတဲတွေကို အကြောင်းမဲ့ပစ်ခတ်လို့ ရွာသား ငါးဦးဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက ဆောမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ဒီဇင်ဘာ ၁၀ ရက်နေ့က တောင်ယာတဲတွေကိုအကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာသား ခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

ဒေသအခေါ် မြက်ပြင်ကျယ်တောမှာရှိတဲ့ တောင်ယာတဲနှစ်လုံးကို စစ်ကြောင်းထိုးနေချိန် ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 

” သူတို့က တဲကိုလူရှိမှန်းသိသိကြီးနဲ့ သေနတ်နဲ့ရမ်းသွားတာဗျ။ သုံးယောက်မှန်သွားတယ်။ မှန်တဲ့ထဲကသုံးယောက်မှာ အမျိုးသမီးက အသက်လည်းကြီးပြီ၊ သွေးထွက်လည်းလွန်တယ်လို့ ဖုန်းဆက်ပြီးပြောတယ်။ ဖုန်းလိုင်းကလည်းသိပ်မကောင်းဘူး” လို့ တောင်ယာတဲတွေနဲ့ ဆက်သွယ်မူရှိတဲ့ ဆောနယ်ခံတဦးကပြောပါတယ်။

 

တောင်ယာတဲ ၁၀လုံးလောက်ရှိတဲ့အနက် နှစ်လုံးကိုပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသားနှစ်ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆက်ပြောပြပါတယ်။

 

စစ်ကောင်စီကပစ်ခတ်လို့ ထိမှန်ထားတဲ့ပြည်သူတွေရဲအခြေအနေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့်ဆက်သွယ်လို့မရသေးပါဘူး။

 

စစ်ကောင်စီစစ်ကြောင်းဟာ တောင်ယာတဲတွေကိုပစ်ခတ်ပြီးနောက်မှာလည်း ဆောမြို့နယ်အစပ်၊ ကန်ပက်လက်မြို့နယ် အဆုံးမှာရှိတဲ့ ကျောက်တောင်ကျေးရွာကိုဝင်ရောက်ခဲ့ပြီး ရွာသား ( ၂) ဦးကို ပစ်ခတ်ထားခဲ့ကာ ရွာသား( ၅) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ဆောနယ်ခံ ရဲ့ပြောပြချက်အရသိရပါတယ်။

” သူတို့က ဒေသခံပြည်သူတွေကို ဖမ်းပြီး ပစ္စည်းထမ်းခိုင်းတယ်။ လမ်းမှာရှေ့ကတင်ပြီး လူသားဒိုင်းလုပ်တယ်။ ကျောက်တောင်က ဖမ်းခဲ့တဲ့ (၅) ယောက်ကို ရေရှင်ရွာရောက်တော့ ပြန်လွတ်ပေးလိုက်တယ်” လို့ ဒေသခံတဦးကပြောပါတယ်။

 

 စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေကို တွေ့တဲ့နေရာမှာ ပစ်ခတ်တာတွေ၊ ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းနားစွင့်ပြီး ဘေးလွတ်ရာကို ရှောင်ကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက နှိုးဆော်ထားပါတယ်။