မော်စကိုက စျေးဝယ်စင်တာကြီး တစ်ခုမှာ အကြီးအကျယ် မီးလောင်မှုဖြစ်ပွား 

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ အကြီးစား စျေးဝယ်စင်တာကြီးတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ 

Mega Khimki စျေးဝယ်စင်တာကြီးမှာ အကြီးအကျယ် မီးလောင်ကျွမ်းနေတဲ့ ဗီဒီယိုတွေဟာ ဒီဇင်ဘာ ၉ ရက် မနက် အစောပိုင်းက လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့ ရောက်ရှိလာပါတယ်။ မီးလောင်မှု အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ရှို့မီးလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ယူဆပြီး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေပါတယ်။ ဒါပေမဲ့ ဝါယာရှော့ ဖြစ်ဖို့ အလားအလာတော့ ပိုများတယ်လို့ ဆိုပါတယ်။ 

အဲဒီ စျေးဝယ်စင်တာကြီးဟာ မော်စကိုမြို့စွန်မှာ တည်ရှိပြီး အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကုန်စည်ပစ္စည်းတွေ အဓိက ဖြန့်ဖြူးရောင်းချပေးလေ့ ရှိခဲ့တဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် အနောက်နိုင်ငံတွေက ကုမ္ပဏီ အများအပြား ပြန်လည် ထွက်ခွာသွားကြပါတယ်။ 

မီးလောင်မှုနဲ့အတူ ပေါက်ကွဲတဲ့ အသံတွေကိုပါ ကြားနေခဲ့ရပြီး စျေးဝယ်စင်တာ တဝိုက်မှာ နေထိုင်သူ တချို့ကိုလည်း အရေးပေါ် ယာယီ ပြောင်းရွှေ့စေခဲ့ရပါတယ်။ အဲဒီ ပေါက်ကွဲမှုတွေဟာ မှုတ်ဆေးဘူးတွေနဲ့ သုတ်ဆေးဘူးတွေ မီးလောင်တာကြောင့်လို့ ယုံကြည်ရပါတယ်။ 

မီးကို ၂ နာရီကျော်လောက် အကြာမှ စတင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လောလောဆယ်တော့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီက ကြီးမှူးပြီး မီးလောင်မှုနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စုံစမ်းမှုတွေ စတင်နေပါတယ်။ 

မီးလောင်မှုကြောင့် ပျက်စီးတဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းပေါင်း ၃၂၀ နဲ့ ၄၈၀ ကြားလောက်ထိ များပြားနိုင်ကြောင်းလည်း သိရပါတယ်။