ကလေးမြို့အနောက်ပိုင်းလူနေရပ်ကွက်အတွင်း စစ်တပ် မိုင်းဆွဲခံရပြီးနောက် ဒေသခံတွေတိမ်းရှောင်

ကလေးမြို့နောက်ပိုင်း မြို့လှအနဲ့ အင်ဒိုင်းကုန်းကျေးရွာတွေဘက် ခြေလျင်ဝင်လာတဲ့စစ်သားတွေ ဒီဇင်ဘာ (၇) ရက် နေ့လယ်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုတွေရှိပြီးနောက် ဒေသခံပြည်သူတွေတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

“မြို့သာရော၊အင်ဒိုင်းကုန်းရော အကုန်နီးပါးရှောင်ကြတယ်၊ တခြားသွားစရာမရှိတဲ့လူလောက်ပဲကျန်မှာ “ လို့ ဒေသခံတဦးကပြောပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ဒီဇင်ဘာ(၇)ညနေပိုင်းကစပြီး ဒေသခံတွေ တိမ်းရှောင် ကြတာလို့လည်းသိရပါတယ်။

အခုလိုရှောင်နေကြတာဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေတာ၊စစ်တပ်က အထိနာသွားတာကြောင့် မဆိုင်သူတွေကိုပါ သိမ်းကျုံးဖမ်းဆီးခံရမှာကို စိုးရိမ်ကြတာကြောင့်ဖြစ်တယ်လို့ ဆိုပါ တယ်။

မြို့လှနဲ့အင်ဒိုင်းကုန်းကျေးရှာဟာ ရွာချင်းဆက်လမ်းသာခြားတာဖြစ်ပြီး အဲ့ဒီရွာချင်းဆက်လမ်းပေါ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။တိုက်ခိုက်ခံရအပြီးမှာ စစ်သားတွေကရမ်းသမ်းပစ်ခတ်တာတွေ လုပ် သလို ကလေးမြို့ ဒ.က.စ ထဲကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံ PDF တပ်ဖွဲ့ဝင်အမျိုးသမီးတဦးရဲ့နေအိမ်ကို ချိပ်ပိတ်ဖို့လာကြတာဖြစ်ပြီး ချိပ်ပိတ်မယ့် နေအိမ်အပြင်ဘက် လမ်းပေါ်မှာပဲ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

“အင်ဒိုင်းကုန်းဘက်က အိမ်တစ်လုံးကို မီးရှို့ ပြီး အဲ့ကလေးမအိမ်ကို ချိတ်ပိတ်မလို့လုပ်တာမှာ မိုင်းဆွဲခံ လိုက်ရ တာ၊ အိမ်ထဲမှာတော့မဟုတ်ဘူး၊ မိုင်းက အိမ်အပြင်မှာကွဲတာ၊ မိုင်းကွဲလို့ လဲသွားတာက ဆယ့်လေးငါး ယောက် လောက်ရှိမယ်” လို့  မြို့လှရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က(၁၅)ဦးထက် မနည်းသေဆုံးနိုင်တယ်လို့ PDF(Kalay)က ထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုအတွင် ဒေသခံပြည်သူသုံးဦးလည်း ထိခိုက်ဒဏ်ရာခဲ့တဲ့အတွက် အနုးအညွတ် တောင်းပန်တယ်လို့လည်း အဲ့ဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။