အမေရိကန်နဲ့ ရုရှားတို့ကြား အကျဉ်းသား တစ်ဦးချင်း လဲလှယ်

အမေရိကန်နဲ့ ရုရှားတို့ဟာ အရေးကြီးတဲ့ တစ်ဦးချင်း အကျဉ်းသား လဲလှယ်မှု တစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

ဒီဇင်ဘာ ၈ ရက်မှာ ရုရှားဟာ သူတို့ ဖမ်းဆီး အကျဉ်းချထားတဲ့ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘော အားကစားမယ် ဘရစ်တနီ ဂရင်နာကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ အမေရိကန်မှာ အကျဉ်းကျနေတာ ၁၂ နှစ် ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူ လက်နက်ကုန်သည် ဗစ်တာဘောက်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

 

သူတို့နှစ်ဦးဟာ ယူအေအီးနိုင်ငံ၊ အဘူဒါဘီ မြို့တော်က လေဆိပ်မှာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အာဏာပိုင်တွေဆီ အလဲအလှယ်နဲ့ ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂရင်နာဟာ သူ့အနေနဲ့ ဘေးအန္တရာယ် ကင်းရှင်းသွားပြီ ဆိုတာကို ယူအေအီး နိုင်ငံကနေ ဖုန်းလှမ်းဆက်ခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

 

အဲဒီ အမျိုးသမီး စိတ်ဓာတ် ခိုင်ခိုင်မာမာ ရှိနေတဲ့အတွက် ဝမ်းသာကြောင်း၊ ဒါပေမဲ့ ဂရင်နာဟာ အခြေအနေဆိုးတွေကနေ ပြန်လည် ကုစားနိုင်ဖို့အတွက် အချိန်လိုအပ်ဦးမှာဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။ ဂရင်နာဟာ ဖေဖော်ဝါရီလတုန်းက မော်စကို လေဆိပ်မှာ ဆေးခြောက်အဆီ လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံရတာ ဖြစ်ပါတယ်။

 

ဘောက်ကတော့ မရဏ ကုန်သည်လို့ နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပြီး အခုအခါ မော်စကိုမြို့ကို ပြန်ရောက်နေပြီလို့ ရုရှား မီဒီယာတွေက ဖော်ပြပါတယ်။ ထောင်စောင့်တွေက ညဖက်ကြီး သူ့ကို ရုတ်တရက် လာနှိုးပြီး ပစ္စည်းတွေ ယူဖို့ ပြောကြောင်း၊ အဲဒီနောက် သူလည်း လေယာဉ်ပေါ် ရောက်လာခဲ့ကြောင်း ဘောက်က ရုရှား မီဒီယာတွေကို ပြောပါတယ်။ သူ့ကို လေဆိပ်မှာ ဇနီးနဲ့ မိခင်တို့က လာရောက် ကြိုဆိုခဲ့ပါတယ်။

 

အမေရိကန် အစိုးရဟာ ဂရင်နာ လွတ်မြောက်ရေးအတွက် အကျဉ်းသားချင်း လဲလှယ်ဖို့ ကိစ္စကို ဇူလိုင်လမှာ စတင် အဆိုပြု ညှိနှိုင်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရုရှားက ဘောက် လွတ်မြောက်ရေးအတွက် ကာလရှည်ကြာ ကြိုးစားနေခဲ့ပါတယ်။ အခုတော့ ရုရှားနိုင်ငံသား တစ်ဦးဟာ ရုရှားကို ပြန်လာခွင့် ရခဲ့ပြီလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

အသက် ၃၂ နှစ်အရွယ် ဂရင်နာဟာ အမေရိကန်မှာ လူသိအများဆုံး အားကစားမယ်တွေထဲက တစ်ဦးဖြစ်ပါတယ်။ အိုလံပစ် ချန်ပီယံ နှစ်ကြိမ် ဖြစ်ဖူးတဲ့ ဂရင်နာဟာ အမေရိကန် အမျိုးသမီး ဘတ်စကက်ဘော အဖွဲ့ချုပ် ပြိုင်ပွဲဝင် Phoenix Mercury အသင်းရဲ့ ကြယ်ပွင့် ကစားသမားလည်း ဖြစ်ပါတယ်။