ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ အသက်ကြီးလာချိန် ဦးနှောက်ထိခိုက်နိုင်ကြောင်း ပိုမိုထင်ရှားလာ

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ အနေနဲ့ အသက်အရွယ် ကြီးရင့်လာချိန်မှာ ဦးနှောက် ထိခိုက်မှုတွေ သာမန်ထက် ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ အယူအဆဟာ ငြင်းဆန်ဖို့ ခက်ခဲလောက်အောင် ခိုင်မာလာနေကြောင်း သုတေသန စစ်တမ်း တစ်ခုက ညွှန်ပြနေပါတယ်။

 

ဗြိတိန်နိုင်ငံက အရှေ့ အန်ဂလီယာ တက္ကသိုလ်ရဲ့ Scores Projectဟာ ဘောလုံးသမားဟောင်း ၁၄၅ ဦးရဲ့ ကျန်းမာရေး အခြေအနေတွေကို စနစ်တကျ ဆန်းစစ် လေ့လာခဲ့ပါတယ်။ ကနဦး တွေ့ရှိချက်အရ အသက် ၄၀ နဲ့ ၅၀ ကြား ဘောလုံးသမားဟောင်းတွေရဲ့ ဦးနှောက် ကျန်းမာရေးနဲ့ သိမြင်မှုဆိုင်ရာ စွမ်းရည်တွေဟာ သာမန် သက်တူရွယ်တူတွေထက် စတင်ပြီး အားနည်း ယုတ်လျော့လာတတ်တာကို တွေ့ရှိခဲ့ပါတယ်။

 

အသက် ၆၅ နှစ်အထက် အရွယ်ထိ ရောက်သွားရင်တော့ ဦးနှောက် စွမ်းဆောင်ရည်ချင်း ယှဉ်တဲ့အခါ တခြား သက်တူရွယ်တူတွေထက် သိသိသာသာ ကျဆင်းနေတယ်လို့ Scores Projectက ဖော်ပြထားပါတယ်။ ဘောလုံးကို အပြင်းအထန် ခေါင်းတိုက် ကစားရတဲ့ အခြေအနေတွေက ဦးနှောက်မှာ ဒဏ်ဖြစ်စေပြီး အသက်ကြီးလာတဲ့အခါ ဒုက္ခပေးနိုင်မလားဆိုတဲ့ မေးခွန်းတွေအတွက် အခု သုတေသန ရလဒ်က ငြင်းပယ်ရခက်တဲ့ အဖြေတစ်ခု ထုတ်ပေးနေတယ်လို့ အားကစားနဲ့ ဆက်စပ်ထိခိုက်မှုဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ မိုက်ကယ်ဂရေးက မှတ်ချက် ပေးခဲ့ပါတယ်။

 

ပုံမှန် ကိုယ်လက်လှုပ်ရှား အားကစား လုပ်နေတာဟာ ဦးနှောက် ကျန်းမာရေးအတွက် အရမ်း ကောင်းကျိုး ဖြစ်ထွန်းစေမယ်ဆိုတာ သိထားပြီး ဖြစ်ကြောင်း၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေကလည်း အသက် ၄၀ ကျော် အရွယ်ထိဆိုရင် ဘောလုံးသမား မဟုတ်သူတွေထက် ဦးနှောက် ကျန်းမာရေးက သိသိသာသာ ပိုကောင်းနေတတ်ကြောင်း သူက ဆိုပါတယ်။

 

ဒါပေမဲ့ အသက် ၆၅ နှစ် အရွယ်လောက်မှာတော့ အခြေအနေတွေက စတင် မှားယွင်းလာနိုင်ကြောင်း၊ အသက် ၆၅ နှစ်အရွယ် ပရော်ဖက်ရှင်နယ် ဘောလုံးသမား တော်တော်များများရဲ့ ဦးနှောက်ဟာ တုံ့ပြန်မှုတွေမှာ ပိုအချိန်ယူရတာမျိုးတွေ ဖြစ်လာတတ်ပြီး ဒါတွေဟာ ဦးနှောက် ယိုယွင်း ထိခိုက်မှုရဲ့ ကနဦး လက္ခဏာတွေလို့ ယူဆနိုင်ကြောင်း ဒေါက်တာ ဂရေးက ပြောကြားသွားပါတယ်။

 

၂၀၁၉ ခုနှစ်မှာ ပရော်ဖက်ဆာ ဝီလီ စတီးဝပ်ရဲ့ သုတေသန တွေ့ရှိချက် တစ်ခုက ဘောလုံးသမားဟောင်းတွေဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးနိုင်ခြေ သာမန်ထက် သုံးဆခွဲလောက် မြင့်မားကြောင်း ဖော်ထုတ်ခဲ့တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ဆေးသုတေသန ပညာရှင်တွေ ကြားမှာကို ဝိဝါဒတွေ ကွဲပြားခဲ့ပါတယ်။ ၁၉၆၆ ခုနှစ်၊ ကမ္ဘာ့ဖလား ချန်ပီယံ အင်္ဂလန် အသင်းရဲ့ ကြယ်ပွင့်ဟောင်း ဆာဘော်ဘီချာလ်တန် အပါအဝင် ပရော်ဖက်ရှင်နယ် ကစားသမား တချို့ဟာ ဦးနှောက်ယိုယွင်း ပျက်စီးမှုတွေကို ခံစားခဲ့ကြရပါတယ်။ အဲဒီ အခြေအနေတွေကပဲ ဒီကိစ္စနဲ့ ပတ်သက်လို့ ပိုမိုကျယ်ပြန့်တဲ့ သုတေသနပြု လေ့လာမှုတွေ ထွက်ပေါ်လာအောင် တွန်းအား ဖြစ်စေခဲ့ပါတယ်။

 

အခုဆိုရင် အင်္ဂလန်က သက်တမ်းအလိုက် ပြိုင်ပွဲတချို့မှာ ကလေးတွေကို ခေါင်းတိုက်ခွင့် မပြုတာမျိုး ကန့်သတ်တာတွေ ရှိနေပါတယ်။ ၂၀၂၁-၂၂ ဘောလုံးရာသီကစလို့ အင်္ဂလန်က ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေ အနေနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ တစ်ပတ်ကို အပြင်းအထန် ခေါင်းတိုက်တာမျိုး ၁၀ ကြိမ်ထက် ပိုမလုပ်သင့်ကြောင်း လမ်းညွှန်ချက် တစ်ခုကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။