ထီးချိုင့်မှာ စစ်တပ်က တရက်တည်း ရွာခြောက်ရွာကို မီးရှို့ဖျက်ဆီး၊ အသက်ရှစ်ဆယ်ကျော် ဒေသခံ တဦးသတ်ဖြတ်ခံရ


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုး မီးရှို့နေတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဒီကနေ့ ဒီဇင်ဘာ (၈) ရက်တရက်တည်းမှာ ကျေးရွာခြောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း အရင်းအမြစ်တွေဆီက သိရပါတယ်။

“တချို့က တိုက်ပွဲရှိလို့ရှို့တယ်၊ တချို့က ဒီလိုပဲရှို့တယ်၊ သူတို့ထင်ရာမြင်ရာပဲ၊ ခုရက်ပိုင်းတော့ တိုက်ပွဲဖြစ်သံမကြားပါဘူး၊ ခပ်များများတော့ ပြန်တယ်ဆိုတာကလည်း အေးဆေးမှပြန်လို့ရမှာလေ၊ မအေးဆေးတော့ ပြန်လို့မရဘူး၊ အခုရက်တွေက အဲ့ဘက်တွေကို တအားဖိနေတာလေ စစ်ကောင်စီက” လို့ ထီးချိုင့်ဒေသခံတဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့တရက်တည်းမှာပဲ ထီးချိုင့်မြို့နယ်အတွင်းက မကျီးပင်၊ သစ်မုံညို ၊ကျက်သရေချောင်း၊ ပျဉ်းစု၊ သခွတ်ချောင်နဲ့ တည်တော စတဲ့ရွာခြောက်ရွာကို မီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကိုမသိရသေးဘူးလို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခုညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ အင်းတိန်ရွာက အသက် (၈၇) နှစ်အရွယ် ဦးစိန်မောင်ရဲ့ ရုပ်အလောင်းကို ဇီးသောင်ရွာတံတားအနီးမှာ ဖွဲခွံတွေနဲ့ဖုံးအုပ်ထားတဲ့ အနေအထားနဲ့တွေ့ရတယ်လို့ ထီးချိုင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်၊

ရုပ်အလောင်းသာ ပြန်တွေ့ရတဲ့ ဦးစိန်မောင်ဟာ မီးဘေးသင့်ဇီးသောင်ရွာကို ပြည်သူတွေကိုလှူဖို့ ငွေကျပ်လေးသိန်းခွဲယူဆောင်ပြီး ထွက်သွားရာက အခုလို ပြန်တွေ့ရတာလို့ သိရပါတယ်။ ထီးချိုင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ဦးစိန်မောင်ဟာ စစ်ကောင်စီတပ်မ (၈၈) က စစ်သားတွေနဲ့တွေ့ပြီး သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း လည့်လည်သွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ (၅) ရက်ကနေ (၈) ရက်အထိ လေးရက်အတွင်း ကျေးရွာပေါင်းနှစ်ဆယ်ဝန်းကျင်က နေအိမ် (၇၀၀) နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး တချို့ရွာတွေဟာ အကြိမ်ကြိမ် ဝင်ရောက်မီးရှို့ခံရတာဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက နိုဝင်ဘာလနှောင်းပိုင်းကတည်းက ထီးချိုင့်ဒေသကို လှည့်ပတ်စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံအားလုံး ရွာလုံးကျွတ် ကိုယ်လွတ်ရုန်းထွက်ပြေး တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒုက္ခသည်ဆိုတော့လည်း ပါတဲ့ဥစ္စာလေးတွေနဲ့ပဲ လုံလုံခြုံခြုံနေရစားရတယ်၊ ပါတာလေးနဲ့ပဲ စားကြပေါ့၊ ရှိတဲ့အဝတ်ကလေးနဲ့ပဲနေကြပေါ့၊ ဒီလိုကခပ်များများပဲ၊ ဒုက္ခသည် စခန်းလိုမျိုးတော့ မကြားသေးဘူး” လို့ ထီးချိုင့် ဒေသခံတဦးက ပြောပါတယ်။