NLD အစိုးရလက်ထက် ပဲခူးတိုင်း လဝက ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းဦးနဲ့ သမီးဖြစ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ပဲခူးတိုင်း နိုင်ငံရေး အင်အားစုတွေဆီက သိရပါတယ်။
“ဝန်ကြီးက ရှောင်နေတာ၊ ခုမှဖမ်းခံလိုက်ရတာ လက်ရှိမှာတော့ စကစက ဘလိုပုဒ်မတွေ တပ်မလဲ မသိရသေးပါဘူး” လို့ ပဲခူးတိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတဦးက DNA ကိုပြောပါတယ်။
ဝန်ကြီးဟောင်း ဦးထွန်းထွန်းဦးရဲ့သမီးဖြစ်သူဟာ ပြည်ပကိုထွက်ဖို့ ပတ်စ်ပို့သွားလုပ်ရာက အဖမ်းခံလိုက်ရပြီး အဖေဖြစ်တဲ့ ဝန်ကြီးဟောင်းကိုလည်း လာရောက်အဖမ်းခံဖို့ စစ်ကောင်စီက အကျပ်ကိုင်ခဲ့လို့ ဒီကနေ့ ဒီဇင်ဘာ (၈) ရက်မှာ အဖမ်းခံလိုက်တာလို့ သူကပြောပါတယ်။
“ပတ်စ်ပို့သွားလုပ်တဲ့ အချိန်မှာ သူ့သမီးကို ဖမ်းလိုက်တာ၊ အဲ့ဒီဖမ်းဆီးလိုက်တာကတဆင့် ဒ.က.စကနေ လာရောက်အဖမ်းခံပါလို့ ပြောတဲ့အတွက် ဝန်ကြီးဦးထွန်းထွန်းဦးလည်း ဖမ်းခံလိုက်ရတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးနယ်မြေတနေရာမှာ ရှိနေတဲ့ ပဲခူးတိုင်း NLD ပါတီလူငယ်ခေါင်းဆောင်တဦးကလည်း ဝန်ကြီးဟောင်းဦးထွန်းထွန်းဦးနဲ့ သမီးတို့ဖမ်းဆီးခံထားရတာကို အတည်ပြုပါတယ်။
သမီးဖြစ်သူကို ဖမ်းဆီးကာ အကျပ်ကိုင်တာကြောင့် ဦးထွန်းထွန်းဦးက ပြည်မြို့က ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်မှာ သွားရောက်အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဝန်ကြီးဟောင်း ဦးထွန်းထွန်းဦးရဲ့ သမီးဖြစ်သူကို စစ်ကောင်စီက လွန်ခဲ့တဲ့ ရှစ်ရက်လောက်ကတည်းက ဖမ်းဆီးထားတာလို့လည်း သူကပြောပါတယ်။
ဦးထွန်းထွန်းဦးဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဝင်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ပြီး ပေါင်းတည်မြို့ အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။
အဲ့ဒီနောက် ၂၀၁၉ ခုနှစ်မှာ တိုင်းအစိုးရအဖွဲ့ လဝက ဝန်ကြီးဖြစ်လာပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မူလမဲဆန္ဒနယ်မှာပဲ ထပ်ပြီးအနိုင်ရခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးခံရသူတွေထဲမှာ ဦးထွန်းထွန်းဦးလည်း ပါဝင်ခဲ့ပါသေးတယ်။