တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ထဲက ပုလောမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ ပုလောမြို့မြို့တော်ခန်းမ၊ ပုလောမြို့အထွက်က စစ်ကောင်စီတပ်စခန်းနဲ့ ပုလောကုန်းကျေးရွာတွေဘက်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ KNU KNDO မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကမြို့ပေါ်စစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့ Palaw Regional Defense Force ဘက်ကပြောပါတယ်။
ပုလောမြို့လယ်ခေါင်က မြို့တော်ခန်းမကို သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ချိန် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ခလရ ၂၈၅ ရဲ့ အဝင်ဂိတ်ကို မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထုတ်ဖော်ပြောဆိုထားပါတယ်။
“ခုလက်ရှိအချိန်အထိဖြစ်နေတာကတော့ပုလောကုန်းကျေးရွာနားပေါ့။
ကေအန်ယူထိန်းချုပ်နယ်မြေအစပ်က စခတွေရဲ့ဗျူဟာကျတဲ့နေရာတွေကိုတိုက်နေတာ တိုက်ပွဲကလဲ ပြင်းထန်နေတယ်။သူတို့ဖက်ကလဲလက်နက်ကြီးနဲ့တောက်လျောက်ကိုပစ်နေတယ်“လို့ Palaw Regional Defense Force မှ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
လက်ရှိအချိန်အထိတိုက်ပွဲပြင်းထန်နေတဲ့အတွက် နှစ်ဖက်အထိအခိုက်အကျအဆုံးအခြေအနေကိုအတည်မပြုနိုင်သေးပေမယ့် စစ်တပ်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့၏အသေးစားထိခိုက်မှုတော့ရှိနေတယ်လို့ ဆက်ပြောပါတယ်။
လက်ရှိမှာလည်း ပုလောမြို့ပေါ်နဲ့ကျေးရွာတွေ ဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တာကြောင့် အရပ်သားတချို့လည်း ထိခိုက်မှုရှိနေတယ်လို့
ဒေသတွင်းသတင်းတချို့မှာဖော်ပြထားပါတယ်။ လက်ရှိအခြေအနေတွေကြောင့်ပုလောမြို့ပေါ်နဲ့အနီးဝန်းကျင်ကရွာတွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လာနိုင်လို့ဒေသခံတွေစစ်ရေးသတိနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကထုတ်ပြန်တဲ့သတင်းတွေကိုနားစွင့်ပြီး သွားလာကြဖို့ကိုလည်း ကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။