နျူကလီးယားစစ်ပွဲ ဖြစ်ပေါ်နိုင်ခြေတွေ ဆက်တိုက် မြင့်တက်လာနေတယ်လို့ ပူတင်ပြော

နျူကလီးယား စစ်ပွဲတစ်ခု ပေါ်ပေါက်လာဖို့ ခြိမ်းခြောက်မှုတွေ တဖြည်းဖြည်း မြင့်တက်လာနေတယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းစစ်ပွဲ ၁၀ လပြည့်လုနီးပါး ရှိလာချိန်မှာ ပူတင်က အခုလို မှတ်ချက် စကားမျိုး ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်း စစ်မြေပြင်မှာ ရလဒ်တွေ နိမ့်ပါးလာတဲ့နောက် ရုရှားက နျူကလီးယား လက်နက်တွေ ထုတ်သုံးလာနိုင်ကြောင်း အရင်ကတည်းက သတိပေးခဲ့ဖူးပါတယ်။

 

ဒါပေမဲ့ ပူတင်ကတော့ ရုရှားဟာ နျူကလီးယား လက်နက် တစ်ခုခုကို ကိုယ့်ဖက်က ပထမဆုံး ထုတ်သုံးရလောက်တဲ့ အထိတော့ မရူးမိုက်ဘူးလို့ ပြောပါတယ်။ နျူကလီးယား စစ်ပွဲတစ်ခု အထမြောက်လာဖို့ ခြိမ်းခြောက်မှုတွေက ဆက်တိုက် မြင့်တက်လာနေတာကို လက်ခံရမှာဖြစ်ကြောင်း၊ ဒီအရှိတရားကို ဖုံးကွယ်ဖို့ ကြိုးစားနေမယ်ဆိုရင် အမှားကြီး မှားသွားနိုင်ကြောင်း ပူတင်က ပြောပါတယ်။

 

ရုရှားက နျူကလီးယား လက်နက်တွေကို စပြီး ထုတ်သုံးရလောက်အောင်တော့ ရူးမိုက်မှာ မဟုတ်ကြောင်း၊ ဒီလက်နက်ကြီးတွေ ကိုင်ရင်း ကမ္ဘာပတ်ပြနေဖို့လည်း ရုရှားမှာ ရည်ရွယ်ချက် မရှိကြောင်းလည်း သူက ဆိုပါတယ်။

 

သူက လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည် အစည်းအဝေးမှာ မိန့်ခွန်း ပြောချိန်ကလည်း ယူကရိန်း စစ်ပွဲဟာ ရှည်ကြာဦးမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်လို့ မှတ်ချက် ပေးသွားပါတယ်။ အနောက်နိုင်ငံ စစ်ထောက်လှမ်းရေးတွေကတော့ ပူတင်ဟာ ကနဦးတုန်းက ယူကရိန်း စစ်ပွဲကို ခပ်မြန်မြန် လက်စသိမ်း အနိုင်ယူမယ်လို့ အပိုင်တွက်ဆထားခဲ့ဟန် ရှိကြောင်း သုံးသပ်ထားကြပါတယ်။

 

ရုရှားဟာ ရှေ့တန်း စစ်မြေပြင်တွေမှာ ထင်တိုင်း မပေါက်တော့ဘဲ အထိနာနေတဲ့နောက် ကျင့်ဝတ်ပိုင်းအရ မေးခွန်းထုတ်စရာ ဗျူဟာ အပြောင်းအလဲအဖြစ် ယူကရိန်းက ဓာတ်အားပေး ကွန်ရက်တွေနဲ့ အရပ်ဖက် အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။