ပီရူးမှာ အမျိုးသမီးတစ်ဦး ပထမဆုံး အကြိမ်အဖြစ် ရုတ်တရက် သမ္မတဖြစ်လာ

ပီရူး အစိုးရထဲမှာ တစ်ရက်အတွင်း ကြီးမားတဲ့ အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပြီး နိုင်ငံသမိုင်းတလျှောက် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး သမ္မတ ဖြစ်လာခဲ့ပါတယ်။

 

ဒီဇင်ဘာ ၇ ရက်မှာ ဒုတိယ သမ္မတ ဒီနာ ဘူလာတီက ပီရူးရဲ့ ပထမဆုံး အမျိုးသမီး သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အရင်သမ္မတ ပက်ဒရို ကက်စ်တီလိုကတော့ လွှတ်တော်ရဲ့ စွပ်စွဲရှုတ်ချမှုတွေ ခံရပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ဖမ်းဆီး အကျဉ်းချ ခံလိုက်ရပါတယ်။

 

ပြဇာတ်ဆန်ဆန် အပြောင်းအလဲတွေက အဲဒီနေ့ မနက်ပိုင်းမှာ သမ္မတ ကက်စ်တီလိုက ပီရူး လွှတ်တော်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာရာက စတင်ခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ပီရူးနိုင်ငံမှာသာ မကဘဲ နိုင်ငံတကာကိုပါ အံ့ဩ စိတ်ပျက်သွားစေခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ကက်စ်တီလို အနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ပြီး အစိုးရ အဖွဲ့ထဲမှာလည်း ဝန်ကြီးတချို့ နုတ်ထွက်ပြီး ဆန္ဒပြကြပါတယ်။

 

ကက်စ်တီလိုဟာ သူ့ရဲ့ သမ္မတ သက်တမ်းတလျှောက် တတိယ အကြိမ်မြောက်အဖြစ် လွှတ်တော်ရဲ့ စွပ်စွဲရှုတ်ချမှုနဲ့ ကြုံရမယ့် အခြေအနေမှာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်ကို ဖျက်သိမ်းဖို့ အချိန်ကိုက် ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ လွှတ်တော်ကတော့ သမ္မတကို စွပ်စွဲရှုတ်ချဖို့ အရေးပေါ် မဲခွဲဆုံးဖြတ်မှုတစ်ခု ပြုလုပ်စေခဲ့ပြီး ထောက်ခံမဲ ၁၀၁ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေ ၁၀ မဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

 

အဲဒီနောက် လွှတ်တော်က ကက်စ်တီလိုဟာ အခြေခံ ဥပဒေကို ဘောင်ကျော်ပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲပြီး နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သူ့ကို ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ပါတယ်။ ပီရူး ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သူတို့ဟာ ဖွဲ့စည်းပုံ ဥပဒေကိုသာ လိုက်နာမယ်လို့ ပြောကြားပြီး ကက်စ်တီလိုကို ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပြီး မြို့တော် လီမာမှာ ကက်စ်တီလိုကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား ပဋိပက္ခတချို့ ပေါ်ပေါက်လာပါသေးတယ်။

 

အစောပိုင်းမှာ ကက်စ်တီလိုက ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်းပြောကြားခဲ့ပြီး လက်ရှိ လွှတ်တော်ကို ဖျက်သိမ်းကြောင်း၊ ဖွဲ့စည်းပုံ ဥပဒေကို ပြန်ပြင်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ လွှတ်တော်သစ် ဖွဲ့စည်းစေမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ကက်စ်တီလို ဖယ်ရှားခံလိုက်ရတဲ့နောက် ဒုတိယ သမ္မတဖြစ်တဲ့ အသက် ၆၀ အရွယ် ဘူလာတီက နိုင်ငံခေါင်းဆောင်သစ် အနေနဲ့ ချက်ချင်းလိုလို ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဘူလာတီက သူဟာ ကက်စ်တီလိုရဲ့ မူလ သမ္မတသက်တမ်းဖြစ်တဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ တာဝန်ယူသွားမယ်လို့ ပြောပါတယ်။ ပြီးတော့ နိုင်ငံရေးအရ သွေးကွဲနေမှုတွေကိုလည်း အမြန်ဆုံး ရင်ကြားစေ့ကြဖို့ သမ္မတသစ်က တိုက်တွန်းခဲ့ပါတယ်။

 

ဖယ်ရှားခံရတဲ့ သမ္မတဟောင်း ကက်စ်တီလိုရဲ့ ကံကြမ္မာကိုတော့ အတိအကျ မသိရသေးပါဘူး။ သူဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဂတိ လိုက်စားကြောင်း စွပ်စွဲမှုတွေနဲ့ အပြင်းအထန် ကြုံတွေ့နေခဲ့ရပြီး အတိုက်အခံတွေဆီက ဖိအားပေးမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။