သေဒဏ်ချခံထားရတဲ့ ကျောင်းသားလူငယ်တွေအတွက် ကျိုက်မရောအကျဉ်းထောင်က နိုင်ကျဉ်းတွေ အစာငတ်ခံဆန္ဒပြတာတွေဆက်လုပ်မယ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာသေဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာထောင်တွင်းမှာ အစာငတ်ခံဆန္ဒထုတ်ဖော်နေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။

“ ကျွန်တော်တို့ သိသလောက်ကတော့ ကျောင်းသား ၇ ဦးကို စကစက သေဒဏ်အမိန့်ချမှတ်တာ နဲ့ ပတ်သက်ပြီးတော့ အဲဒါက တရားမျှတမှုမရှိဘူးဆိုပြီး အစာငတ်ခံဆန္ဒပြကြတယ်၊ ဆန္ဒပြတာက နိုင်ငံရေးအကျဉ်းသားတွေပေါ့’’ လို့ ကျိုက်မရော အကျဉ်းထောင်နဲ့ နီးစပ်သူက DNA ကိုအတည်ပြုပြောပါတယ်။

ကျိုက်မရောအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီနေ့ တစ်ရက်တည်း အစာငတ်ခံဆန္ဒပြတာ မဟုတ်ဘဲ နောက်ထပ်ရက်အနည်းငယ်အထိ အစာငတ်ခံဆန္ဒပြဖို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း အထင်ကရနိုင်ငံရေးသမားနှစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့အပါအဝင်လေးဦးကို စစ်တပ်က သေဒဏ်စီရင်ခဲ့လို့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေကနိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြခဲ့ကြပြီး ထောင်တွင်းမှာ ဆန္ဒပြသူတွေကိုရိုက်နှက်တဲ့ဖြစ်စဉ်တွေရှိခဲ့ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောဆိုထားပါတယ်။

လက်ရှိ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာဆိုရင် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးက နိုင်ငံရေးအကျဉ်းသား ၃၀၀ အထက်မှာ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ်ကျောင်း ၇ ဦးကို စစ်ကောင်စီက စွပ်စွဲ ဖမ်းဆီးပြီးနိုဝင်ဘာ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ကြောင်းထုတ်ပြန်လာပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်အပေါ်မှာ ပြည်တွင်းပြည်ပတက္ကသိုလ်ကျောင်းသားသမဂ္ဂ များနဲ့ အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ၊ စစ်အာဏာရှင်ဆန့်ကျင်ကြသူများတို့က ကွန့်ကွက် ရှုတ်ချတာနဲ့ နိုင်ငံတကာမှ တားဆီးအရေးယူပေးကြဖို့ကိုလည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသများကူညီစောင့်ရှောက်မှုအသင်း (AAPP) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။