ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ တပ်ထောက်ခံသူလို့ဆိုတဲ့ သားအမိနှစ်ဦး တရက်တည်းပစ်ခတ်ခံရ

ဧရာဝတီတိုင်းဒေသကြီးထဲက ဒေးဒရဲမြို့နယ်နဲ့ မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ထောက်ခံသူလို့ လူသိများတဲ့ သားအမိနှစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့ညပိုင်းမှာတော့ ဒေးဒရဲမြို့နယ်ထဲက တိုးကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးတင်နိုင်ထွန်းနဲ့ ရာအိမ်မှူး ၃ ဦး ဧည့်စာရင်းစစ်ပြီး ပြန်လာချိန်မှာ လူတစုကပစ်ခတ်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“အုပ်ကြီးက စစ်သားလူထွက်လေ၊ သူ့ကို သေနတ် ၂ ချက်မှန်လို့ ဆေးရုံတင်ထားရတယ်။ မသေဘူး။ သူ့ကိုစစ်တပ်က အုပ်ကြီးခန့်ထားတာ အဲဒီနယ်ဘက်မှာလည်း သူ့ကြောင့်အဖမ်းခံရသူများနေပြီ’’ လို့ ဒေးဒရဲမြို့ခံတဦးက DNA ကိုပြောပါတယ်။

အလားတူပဲ အဲဒီညမှာပဲ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောင်ချောင်းအုပ်စု၊ မျောချောင်းကျေးရွာကစစ်တပ်ထောက်ခံသူလို့ လူသိများတဲ့ ဦးမင်းမင်းနဲ့ သူရဲ့မိခင်ဖြစ်သူလည်း ပစ်ခတ်ခံရပြီးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ ဦးမင်းမင်းနဲ့ သူရဲ့မိခင်ဟာ ကြံခိုင်ရေးပါတီ မဲအောင်နိုင်ရေးမှာ ပါဝင်ခဲ့သူတွေဖြစ်သလို စစ်တပ်ထောက်ခံပွဲအတွက် လူစုစည်းရုံးတာတွေလည်း အဲဒီမြို့နယ်အတွင်းမှာ လုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“သူတို့သားအမိ စီးလာတဲ့စက်လှေကို လူ ၂ ယောက်က အခြားစက်လှေတစ်စီးနဲ့ ဘေးချင်းယှဉ်လိုက်လာပြီးပစ်သွားတာ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက DNA ကိုပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် သားဖြစ်သူ ဦးမင်းမင်းရဲ့ ဦးခေါင်းနဲ့ပေါင်မှာ ဒဏ်ရာရခဲ့သလို မိခင်ဖြစ်သူကတော့ ဝမ်းဗိုက်ဒဏ်ရာနဲ့ စစ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဒီပစ်ခတ်မှု ၂ ခုနဲ့ပတ်သက်ပြီး ဒေသခံတချို့ကို စစ်ကောင်စီက စစ်ဆေးမေးမြန်းမယ်ဆိုပြီး ဖမ်းဆီးထားပေမယ့် ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့ထိ အဲဒီလူတွေ ပြန်လွတ်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။

ဒီပစ်ခတ်မှု ၂ ခုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုလည်း ထုတ်ပြန်ပြောဆိုထားတာ မတွေ့ရပါဘူး။