တော်လှန်ရေးသည်သာ တည်ငြိမ်အေးချမ်းမှုအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်

အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ အင်အားစုတွေကြားမှာ လုံးဝဥဿုံ ပြီးပြည့်စုံတဲ့ စည်းလုံးညီညွတ်မှုမျိုး ရရှိလာဖို့ ဆိုတာက လက်တွေ့ မကျသလို အကောင်းဆုံး ရွေးချယ်မှုလည်း မဟုတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့တွေကြားမှာ ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းမှုတွေ၊ ပေါင်းစည်း ဆောင်ရွက်မှုတွေကသာ တော်လှန်ရေး အောင်မြင်မှုရဲ့ အခြေခံတွေ ဖြစ်လာမှာပါ။

စစ်မြေပြင် အနေအထားအရ မြန်မာ့ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နယ်မြေတွေ တိုးပွား ရရှိလာနေတဲ့တိုင် နိုင်ငံတကာ အသိုက်အဝန်းရဲ့ အများစု အမြင်မှာတော့ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ တကွဲတပြား ဖြစ်နေပြီး စည်းလုံးမှု နည်းပါးလွန်းနေဆဲပါပဲ။ အဲဒီ ထင်ကြေးရဲ့ နောက်ဆက်တွဲ အနေနဲ့ တချို့ အဖွဲ့တွေဟာ ပဋိပက္ခတွေကို စွန့်ခွာသွားပြီး တချို့ကတော့ စစ်ကောင်စီ အကောင်အထည် ဖော်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကိုပဲ တည်ငြိမ်မှုတွေဆီ ပြန်လည် ဦးတည်စေတဲ့ လမ်းကြောင်း အနေနဲ့ လက်ခံလိုက်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့ အဲဒီ အမြင်နဲ့ ကောက်ချက် နှစ်ခုစလုံးက မှားယွင်းပါတယ်။

တကယ်လို့သာ နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံမှာ တည်ငြိမ်မှုတွေ ပြန်လည် ရရှိလာအောင် ကူညီ ထောက်ပံ့ပေးဖို့ အလေးအနက် ဆန္ဒရှိတယ်ဆိုရင် တရားမဝင်တဲ့၊ သိက္ခာမရှိတဲ့၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်က စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးကို ဆောင်ယူလာပေးလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုး ထားနေရလောက်အောင် မတုံးအသင့်၊ အမြင်မတိုသင့်ပါဘူး။ အဲဒီအစား စိန်ခေါ်မှုတွေ များမြောင်တယ် ဆိုရင်တောင်မှ တည်ငြိမ်မှု လမ်းကြောင်းဆီ ဦးတည်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု အလားအလာကို ပိုမို ထောက်ပံ့ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေက ကွဲပြားတဲ့ သဘောထား ခံယူချက်တွေနဲ့ အချင်းချင်း ပြဿနာတွေ ရှိနေကြတာ အမှန်ပါပဲ။ ဒါပေမဲ့ အရေးအကြီးဆုံး အချက်က စစ်တပ်ကို အနိုင်ယူပြီး အစိုးရ နေရာက ဖယ်ရှားဖို့ဆိုတဲ့ ရည်မှန်းချက်မှာတော့ အဲဒီ အစုအဖွဲ့ အားလုံးက တစ်သားတည်း ရှိကြပါတယ်။ ဒါ့အပြင် အဲဒီ အခြေခံ ရည်မှန်းချက် တူညီခြင်းကြောင့်ပဲ သမိုင်းကြောင်းအရ စေ့စပ်ဖို့ ခက်ခဲခဲ့ဖူးတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ မကြုံစဖူး ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ညှိနှိုင်းမှုတွေနဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် တံခါးတွေ ဖွင့်ပေးနိုင်ခဲ့တယ်။ မြန်မာနိုင်ငံ သမိုင်းမှာ စုံလင်ကွဲပြားမှု အရှိဆုံး အစိုးရ အဖွဲ့အစည်းတွေ (အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCCနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG) ပုံဖော် တည်ဆောက်မှု၊ ဒီမိုကရေစီ နည်းလမ်း အကျဆုံးနဲ့ ညီညွတ်မျှတမှု အရှိဆုံး နိုင်ငံရေး လမ်းပြမြေပုံ (ဖက်ဒရယ် ဒီမိုကရက်တစ် ပဋိညာဉ် FDC)ကို ဖော်ထုတ်ဖို့၊ နိုင်ငံပိုင်နက်ထဲမှာ စစ်တပ်က ထိန်းချုပ်နိုင်တဲ့ နယ်မြေ အကျယ်အဝန်းကို ကျဉ်းမြောင်း လျော့ပါးသွားအောင် လျှော့ချဖို့ အစရှိတဲ့ လုပ်ဆောင်မှုတွေအတွက် တော်လှန်ရေး အင်အားစုတွေ အချင်းချင်း ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော်မှုတွေက အရှိန်အဟုန်နဲ့ တိုးတက်မှုတွေ ရှိနှင့်နေပါပြီ။

ဒီလို အောင်မြင်မှုတွေ ရှိနှင့်နေပြီး ဖြစ်ပေမယ့် ဆွေးနွေးမှု ပလက်ဖောင်းတွေ၊ အထူးသဖြင့် NUCCဟာ လုပ်ငန်း ဆောင်ရွက်မှုတွေ မထိရောက်ဘူး၊ နှေးကွေးတယ် ဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူ ခံနေရတုန်းပါပဲ။ အဲဒီလို ယူဆမှုတွေကို အဖွဲ့အစည်းအလိုက် နိုင်ငံရေး အယူအစွဲတွေ၊ သမိုင်းနဲ့ချီ ကြာညောင်းခဲ့တဲ့ မကျေနပ်ချက်တွေနဲ့ မယုံကြည်မှုတွေက အားဖြည့်ပေးနေပါတယ်။ FDCမှာ ဆိုရင်လည်း ပြန်လည် တည်ငြိမ်မှုဆီ ဦးတည်စေမယ့် လမ်းပြမြေပုံကို ထည့်သွင်းထားတဲ့တိုင် NUCC ပြင်ပမှာတော့ ယုံကြည် စိတ်ချရမယ့် ပြန်လည် တည်ငြိမ်ရေး လမ်းကြောင်းမျိုး ဖြစ်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် အားပေး ထောက်ခံတာမျိုး ကင်းမဲ့နေပြန်တယ်။

ဒီအခြေအနေမျိုးတွေကို ဆန်းစစ်ကြည့်ရင် အတိုက်အခံ အင်အားစုတွေ အနေနဲ့ နိုင်ငံတကာ ထောက်ခံမှုကို မျှော်လင့်နေတယ်ဆိုရင် ပိုမို ကောင်းမွန်တဲ့ ပေါင်းစည်းမှုမျိုး လိုအပ်တယ် ဆိုတာရယ်၊ စစ်အာဏာရှင်ကို အနိုင်တိုက်ဖို့အတွက် ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု အဆင့်မျိုးတွေ လိုအပ်နေဆဲ ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို အထမြောက်အောင် ဆောင်ရွက်နိုင်မှသာ အာဏာသိမ်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကနေ နိုင်ငံတကာရဲ့ အာရုံကို လုံးဝဥဿုံ လွှဲပြောင်းပစ်နိုင်ပြီး ပြန်လည် တည်ငြိမ်မှုအတွက် ကွဲပြားတဲ့ လမ်းကြောင်းတစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့အထိ အလားအလာ အရှိဆုံး ပလက်ဖောင်းတွေအဖြစ် စစ်ရေးဗျူဟာတွေနဲ့ ဒေသအလိုက် အုပ်ချုပ်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်နေတဲ့ နယ်ပယ်တွေကို သတ်မှတ်ရပါမယ်။ အဲဒီ ကောင်စီတွေက အနာဂတ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာနိုင်တဲ့ ဖက်ဒရယ် ယူနစ်တွေရဲ့ နာမည်နဲ့ အရေအတွက်တွေအပေါ် အနုစိတ် နေတာမျိုးထက်စာရင် စစ်ကောင်စီကို အနိုင်ယူရေး၊ ပိတ်ဆို့ ချုပ်ချယ် ခံထားရတဲ့ လူ့အဖွဲ့အစည်းတွေကို ကူညီ ပံ့ပိုးရေးတွေအပေါ် ပိုမို အာရုံစိုက်ထားပါတယ်။ သမိုင်းကြောင်းအရ ရန်လို တင်းမာမှုတွေ ရှိခဲ့တဲ့ လူ့အဖွဲ့အစည်းတွေကြား ယုံကြည်မှုကို အဲဒီ ပလက်ဖောင်းတွေကနေတဆင့် တည်ဆောက်နေရင်း နိုင်ငံ အနာဂတ်နဲ့ ပတ်သက်လို့ ပိုမို ခက်ခဲတဲ့ ဆွေးနွေးမှုတွေအတွက် အခင်းအကျင်းတွေကို သေချာပေါက် ဖန်တီးပေးနိုင်ပါလိမ့်မယ်။

တော်လှန်ရေး အဖွဲ့တွေကလည်း ရှေ့ဆက်ပြီး ရေရှည်အတွက် နိုင်ငံရေး တွေ့ဆုံမှုတွေ ဖော်ဆောင်ဖို့ ပိုမိုကျယ်ပြန့်တဲ့ အခြေခံ မူဝါဒတွေနဲ့ မူဘောင်တစ်ခုကို ထောက်ခံပြီး နောက်တစ်ဆင့် မျက်နှာစုံညီ တွေ့ဆုံမှုတွေကို စတင်လာနိုင်ပါလိမ့်မယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးအတွက် အားပေး ကူညီနိုင်ဖို့ မျှော်လင့်ထားတယ် ဆိုရင်၊ အထူးသဖြင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာ NUGရဲ့ သမ္မတက စစ်ကောင်စီနဲ့ ဆွေးနွေး ညှိနှိုင်းဖို့ ပထမဆုံးအကြိမ် စကားစလာတဲ့ ကာလမျိုးမှာ ဒီလို အားထုတ်မှုတွေကို ပိုပြီး ထောက်ပံ့ကူညီဖို့  လိုပါတယ်။

ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အုံကြွမှုတွေ စတင် ပေါ်ပေါက်လာတဲ့နောက် လူနည်းစု တိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသား ခေါင်းဆောင်တွေဟာ သမိုင်းတလျှောက် ကာလရှည်ကြာ သွေးကွဲနေခဲ့တဲ့ လူ့အဖွဲ့အစည်းတွကြား ယုံကြည်မှု ပြန်လည် ခိုင်မာအောင် တည်ဆောက်နိုင်မယ့် အလားအလာတွေကို တွေ့ရှိလာပါတယ်။

၁၉၄၀ ပြည့်လွန် နှောင်းပိုင်း နှစ်တွေကတည်းက မြန်မာစစ်တပ်ကို အစဉ်တစိုက် တော်လှန် တိုက်ခိုက်လာတဲ့ ထင်ရှားတဲ့ ကရင်တိုင်းရင်းသား အဖွဲ့အစည်း တစ်ခုရဲ့ ဒုတိယ ဦးစီး အရာရှိ ဘောကျော်ဟဲက သူ့ရဲ့ အိတ်ဖွင့် ပေးစာ တစ်စောင်မှာ အဲဒီ အခြေအနေအပေါ် မှတ်ချက်ပြု ရေးသားခဲ့ဖူးပါတယ်။ နှစ်ပေါင်း ၇၀ လောက် ကြာညောင်းခဲ့ပြီးဖြစ်တဲ့ တော်လှန်ရေး ကာလတလျှောက် အခုလို ထူးကဲတဲ့ အခွင့်အရေးမျိုး ဘယ်တုန်းကမှ မကြုံခဲ့ဖူးကြောင်း၊ အားလုံး စုပေါင်းစည်းလုံးကြပြီး စစ်အာဏာရှင် စနစ်အောက်က ရုန်းထွက်စေလိုကြောင်း သူက တိုက်တွန်းခဲ့ပါတယ်။

အာဏာသိမ်းမှုအပြီး အစောပိုင်း ဆန္ဒပြမှုတွေရဲ့ ဦးတည်မှုက အဖမ်းဆီးခံ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး အာဏာမသိမ်းခင် နိုင်ငံရေး အခြေအနေမျိုးဆီ ပြန်သွားဖို့သာ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆယ်စုနှစ်တွေနဲ့ချီ ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေနဲ့ ဆက်စပ်တဲ့ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲတွေ အတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာပါတယ်။

အဲဒီအချိန်ကစလို့ ဒီရည်မှန်းချက်နောက် မမှိတ်မသုန် လိုက်ပါ အကောင်အထည် ဖော်ဖို့အတွက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပလက်ဖောင်းတွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) … NUGမှာတော့ အာဏာသိမ်း ခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရွေးကောက်ခံ အမတ်တွေနဲ့ အဓိက စုဖွဲ့ထားပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း (ERO)တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ထင်ရှားတဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံ သမိုင်းမှာတော့ အသွေးအရောင် အစုံလင်ဆုံး စီမံအုပ်ချုပ်မှု အဖွဲ့အစည်း တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ သမ္မတနဲ့ ဝန်ကြီးချုပ် ရာထူးတွေမှာ တိုင်းရင်းသားတွေကို ခန့်အပ်ထားပါတယ်။ ဒါပေမဲ့ တချို့ကတော့ NUGဟာ NLDရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို နီးနီးကပ်ကပ် ဖက်တွယ်နေဆဲလို့ ယူဆကြပါတယ်။ NUGဟာ အဖွဲ့အစည်း တစ်ခုမျှသာ ဖြစ်ပေမယ့် ဖွဲ့စည်းပုံ အရွယ်အစားနဲ့ ကွဲပြားစုံလင်မှုတွေကြောင့် အနာဂတ် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးအကြီးဆုံးနဲ့ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ဦးဆောင် ပါဝင်ရဖွယ် ရှိပါတယ်။

NUG မဟာမိတ် ဆက်ဆံရေး ကော်မတီ … တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေနဲ့ ပိုမို ကောင်းမွန်တဲ့ ထိတွေ့ ဆက်ဆံမှုမျိုး လိုအပ်တာကြောင့် NUGဟာ မဟာမိတ် ဆက်ဆံရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီရဲ့ အဓိက လုပ်ငန်းတာဝန်ကတော့ EROတွေ၊ အထူးသဖြင့် ရက္ခိုင့်တပ်တော် (AA)လိုမျိုး မဟာမိတ် မဟုတ်သေးတဲ့ အင်အားစုတွေ၊ နိုင်ငံ မြောက်ပိုင်းက EROတွေနဲ့ တခြား လူနည်းစု တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။ NUGက မြောက်ပိုင်းက EROတွေရယ်၊ AAရယ်နဲ့ ဆက်သွယ်မှုတွေကို ပုံမှန် အနေအထားအထိ တည်ဆောက်လာနိုင်တာကို ကြည့်ရင် ကော်မတီရဲ့ အားထုတ်မှုတွေက အတော်လေး အကျိုးသက်ရောက်မှု ရှိခဲ့တယ်ဆိုတာ မြင်သာပါတယ်။ ပြည်သူလူထုရဲ့ အာရုံစိုက်မှု အတော်လေး နည်းနေတယ် ဆိုပေမယ့် မဟာမိတ် ဆက်ဆံရေး ကော်မတီဟာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံရာမှာ အရေးအကြီးဆုံး ပလက်ဖောင်းတွေထဲက တစ်ခု ဖြစ်နေပါတယ်။

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) … အဲဒီ ကောင်စီကိုတော့ NUGရဲ့ ကိုယ်စားလှယ်တွေ၊ အာဏာသိမ်းမှုအပြီး ဖယ်ရှားခံခဲ့ရတဲ့ ရွေးကောက်ခံ ဥပဒေပြု အမတ်တွေ၊ လူ့အခွင့်အရေးနဲ့ အရပ်ဖက် လူမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ၊ တက်ကြွ လှုပ်ရှားမှုဆိုင်ရာ ကွန်ရက်တွေ၊ လူနည်းစု တိုင်းရင်းသား ကိုယ်စားပြု နိုင်ငံရေး ပါတီတွေနဲ့ EROတွေ ပါဝင်ကြပါတယ်။ NUCCအတွက် အပ်နှင်းထားတဲ့ တာဝန်ကတော့ ကြားကာလနဲ့ ပဋိပက္ခတွေအလွန် မြန်မာနိုင်ငံအတွက် မူဝါဒတွေနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဘောင်တွေ ပုံဖော် ရေးဆွဲဖို့ ဖြစ်ပါတယ်။ NUCCဟာ ဆုံးဖြတ်ချက် နှေးကွေးတာ၊ တရားဝင်မှုအရ မရေရာသေးတာ၊ အဓိကကျတဲ့ ပါဝင် ဆောင်ရွက်သူတွေကြား ယုံကြည်မှု အပြည့်အဝ မတည်ဆောက်နိုင်သေးတာ၊ အင်အားတောင့်တင်းတဲ့ အစုအဖွဲ့တွေ မပါဝင်နိုင်သေးတာတွေနဲ့ တခြား စိန်ခေါ်မှုတွေကြောင့် နှောင့်နှေး ကြန့်ကြာမှုတွေ ကြုံတွေ့နေရပါတယ်။ ဒါပေမဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် နိုင်ငံ ပေါ်ထွန်းလာရေး နိုင်ငံရေး အတွေးအမြင် တစ်ခုအတွက် လုပ်ဆောင်နေတာကြောင့် NUCCဟာ ကျရှုံးသွားလို့ မရလောက်အောင် အရေးပါနေပါတယ်။

စစ်ရေး ညှိနှိုင်းဆောင်ရွက်မှု ပလက်ဖောင်းများ … NUGရယ်၊ မဟာမိတ် EROတွေရယ်ဟာ စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေအတွက် အဓိက ပလက်ဖောင်း နှစ်ခုကို ဖွဲ့စည်းထားနိုင်ပါတယ်။ စစ်အာဏာရှင်ကို အပြုတ်တိုက်မယ်ဆိုတဲ့ တူညီတဲ့ ဘုံရည်မှန်းချက်ကို အကြောင်းပြုပြီး သမိုင်းတလျှောက် သွေးကွဲခဲ့တဲ့ အင်အားစုတွေ ညီညွတ်စွာနဲ့ ဗဟိုစစ်ရေးကွပ်ကဲမှုနှင့်ညှိနှိုင်းရေးကော်မတီ (C3C)ရယ်၊ ပူးတွဲစစ်ရေးကွပ်ကဲမှုနှင့် ညှိနှိုင်းရေး (J2C)ရယ်ဆိုတဲ့ ပလက်ဖောင်း နှစ်ခုကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ C3Cမှာ NUG၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)တို့ ပါဝင်ကြပါတယ်။ J2Cကတော့ NUGနဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တို့ရဲ့ ပူးပေါင်း ကော်မတီ ဖြစ်ပါတယ်။ တကယ်လို့ NUGသာ နိုင်ငံမြောက်ပိုင်းက အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ ဆက်ဆံရေးကို မြှင့်တင်နိုင်ပြီး စစ်ရေး ညှိနှိုင်းဆောင်ရွက်မှု ပလက်ဖောင်းတွေထဲမှာ ထည့်သွင်းနိုင်မယ်ဆိုရင် စစ်ရေး ချိန်ခွင်လျှာဟာ တော်လှန်ရေးဖက်ကို သိသိသာသာ အလေးသာသွားစေပါလိမ့်မယ်။ ဒါ့အပြင် အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်း ခိုင်မာလာစေပြီး ပိုမို အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကို ဖော်ဆောင်လာစေနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့် စီမံအုပ်ချုပ်ရေး ဌာနများ … စစ်ကောင်စီနဲ့ ရင်ဆိုင် တိုက်ခိုက်ရင်း ထိန်းချုပ်နယ်မြေတွေ တိုးပွားလာတဲ့နောက် တော်လှန်ရေး အင်အားစုတွေဟာ နိုင်ငံတော် အဆင့်နဲ့ ဒေသတွင်းအဆင့် စီမံအုပ်ချုပ်ရေး ယန္တရားတွေကို စတင် ထူထောင်လာကြပါတယ်။ ဒီနေရာမှာ အုပ်ချုပ်ရေး ဌာနတွေက ပုံစံမျိုးစုံ ကွဲပြားနေပေမယ့် ကရင်နီ ဒေသက ကရင်နီ ပြည်နယ် အတိုင်ပင်ခံ ကောင်စီနဲ့ ချင်းဒေသက ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီတို့ကတော့ ကွဲပြားတဲ့ ဆက်စပ် ပါဝင်သူတွေ၊ အရပ်ဖက်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် ပိုမိုရှုပ်ထွေး သိမ်မွေ့တဲ့ စီမံအုပ်ချုပ်မှုရေးရာ ကဏ္ဍတွေကို ဆွေးနွေးဖို့ အရေးကြီးတဲ့ ပလက်ဖောင်းမျိုးတွေ ဖြစ်လာပါတယ်။ ဆွေးနွေးမှုတွေ ယုံကြည်မှု တည်ဆောက်ရေးအတွက် ဆိုတာတင် မကဘဲ ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားတဲ့ အနာဂတ် ဖက်ဒရယ် အစိုးရ ပုံစံကို စမ်းသပ်ဖို့ အတွက်ပါ အခွင့်အလမ်းတွေ ဖန်တီးပေးနေပါတယ်။

တစ်သားတည်း စည်းလုံးညီညွတ်နေစရာမလို

ထင်ရှားတဲ့ မြန်မာ့ သမိုင်းပညာရှင် ဒေါက်တာကျော်သက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပေါင်းစည်းဖို့ ပြဿနာတွေ တောက်လျှောက် တည်ရှိနေပြီး လုံလောက်တဲ့ ဖြေရှင်းနိုင်စွမ်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ မှတ်ချက် ပြုခဲ့ဖူးပါတယ်။ အဲဒီအချိန်က ၁၉၅၆ ခုနှစ်၊ တစ်နည်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ပထမဆုံး အာဏာသိမ်းမှု မတိုင်ခင် ၆ နှစ် အလိုမှာ ဖြစ်ပါတယ်။ နောက်ထပ် ၆၆ နှစ်တာ ဖြတ်သန်းမှုနဲ့ အာဏာသိမ်းမှု ၃ ခုကို ကြုံတွေ့ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေက တူညီတဲ့ အနေအထားအတိုင်း ဖိစီး ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ ဒီလို ရုန်းကန်ရမှုတွေဟာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေး ရရှိခဲ့တဲ့ ကာလကတည်းကနေ ဖြစ်ပျက် ပေါ်ပေါက်နေခဲ့တာပါ။ ဒီအခြေအနေတွေကို ပိုပြီး တည်တံ့ အားကောင်းနေအောင် စစ်အစိုးရ အဆက်ဆက်က မီးမွှေးပေးခဲ့တဲ့ နိုင်ငံရေး အဖျက်အမှောင့်တွေနဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေကြား ရန်လိုမှုတွေ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများစု ကြီးစိုးလိုတဲ့ သဘောထားမျိုး လှည့်စားဖော်ဆောင်ထားတဲ့ အမျိုးသား ညီညွတ်ရေး သရုပ်သကန်တွေက တွန်းအားပေးခဲ့ပါတယ်။

ဒီလို နောက်ခံ အခြေအနေတွေကြောင့်လည်း မြန်မာနိုင်ငံမှာ စည်းလုံး ညီညွတ်မှု ဆိုတာဟာ ဘယ်တုန်းကမှ မစစ်မှန်ခဲ့သလို လက်တွေ့ကျတဲ့ ရွေးချယ်မှုမျိုး မဟုတ်ခဲ့ပါဘူး။ USIPက ပံ့ပိုးထားတဲ့ သုတေသန လေ့လာမှုတွေအရ မြန်မာနိုင်ငံမှာ စည်းလုံးမှု ဆိုတဲ့ သဘောတရားက ဝိသေသတွေကို ဖော်ဆောင်ရာမှာ အားပေးအားမြှောက်လုပ်ပြီး ကွဲပြားခြားနားမှုတွေကို ဖျောက်ဖျက်လိုတဲ့ အဓိပ္ပါယ်မျိုး ဆောင်နေတာ တွေ့ရပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်ရင် နိုင်ငံအလယ်ပိုင်းက ဗမာလူမျိုး အာဏာပိုင်တွေဟာ အထက်ရော၊ အောက်ပါ ထိန်းချုပ်ရေး ရည်မှန်းချက်အတွက် စည်းလုံးညီညွတ်ရေး တောင်းဆိုမှုတွေကို လက်ကိုင် ပြုခဲ့ကြတယ်။ မြန်မာ စစ်တပ်ကလည်း နိုင်ငံရေး နယ်ပယ်မှာ လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ သူတို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲနေတဲ့ နိုင်ငံတစ်ခုကို ပြန်လည် စုစည်းပေးနေတာပါဆိုပြီး ပုံပြင်ပြောလေ့ ရှိပြန်တယ်။ ဒီတော့ တိုင်းရင်းသား လူနည်းစုတွေ အမြင်မှာ အမျိုးသား စည်းလုံးညီညွတ်ရေး ဆိုတာကြီးက ဗမာတွေ ကြီးစိုးမှုအောက်မှာ အတင်းအကျပ် အလျှော့ပေး လက်ခံခိုင်းတာသာ ဖြစ်နေပါတယ်။

သုတေသီတွေက အင်တာဗျူး မေးမြန်းခဲ့တဲ့ လူပုဂ္ဂိုလ် အသီးသီးကလည်း အခု တော်လှန်ရေးမှာ ကွဲပြားစုံလင်တဲ့ အစုအဖွဲ့တွေက ပါဝင်သူတွေဟာ တော်လှန်ရေး အဓွန့်ရှည်စေရေးအတွက် သော့ချက် ဖြစ်တယ်လို့ အလေးအနက် ထောက်ပြကြပါတယ်။

“စစ်တပ်ကို အနိုင်ယူဖို့အတွက်ဆိုရင် စည်းလုံးမှ ရမယ် ဆိုတာက ဖန်တရာတေနေတဲ့ လက်သုံးစကား ဖြစ်လာတယ်”လို့ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။ အဲဒီအစား တော်လှန်ရေး ခေါင်းဆောင်တွေ အနေနဲ့ တိုင်းရင်းသား အင်အားစု တစ်ခုစီမှာ ကိုယ်ပိုင် သမိုင်းကြောင်းနဲ့ စံနှုန်း တန်ဖိုးတွေ ရှိနေတယ် ဆိုတာကို အသိအမှတ် ပြုဖို့သာ ပိုပြီး ဖြစ်သင့်တယ်လို့ သူက ထောက်ပြပါတယ်။

တကယ်တမ်း လိုအပ်နေတာက ပြီးပြည့်စုံတဲ့ စည်းလုံးညီညွတ်မှု မဟုတ်ဘဲ စုံလင်ကွဲပြားမှုတွေကို ထိန်းသိမ်း စီမံနိုင်မယ့် တရားမျှတတဲ့ စနစ်တစ်ခု၊ တစ်နည်းအားဖြင့် ဒီမိုကရေစီ ပုံစံအားလုံးရဲ့ အခြေခံ စိန်ခေါ်မှုသာ ဖြစ်ပါတယ်။

စည်းလုံးညီညွတ်ရေးဆိုတဲ့ လိုရာဆွဲပြီး ပုံဖျက်ထားတဲ့ စကားလုံးတွေကြား ပိတ်မိနေမယ့်အစား စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းတိုင်းဟာ စစ်ရေးနဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်မှုတွေကနေတဆင့် ယုံကြည်မှုတွေ တည်ဆောက်ရင်း ပိုမိုကျယ်ပြန့်တဲ့ မူဘောင်တစ်ခုနဲ့ ရှည်ရှည်လျားလျား ရှေ့ဆက်ရဦးမယ့် နိုင်ငံရေး ဆွေးနွေးမှု ခရီးလမ်းအတွက် အခြေခံမူတွေ ချမှတ်နိုင်ရေးအတွက် လက်တွေ့ တည်ဆောက်သွားရမှာပါ။

အကျိုးဆက်များနှင့် ထောက်ပံ့မှုများ

အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ ဘယ်လို တည်ငြိမ်အေးချမ်းမှု လမ်းကြောင်းမျိုးကိုမှ မပေးစွမ်းနိုင်ပါဘူး။ သူတို့ဟာ လူထု ထောက်ခံမှု လုံးဝ မရရှိဘူးဆိုတာ အရမ်း ထင်သာမြင်သာ ဖြစ်နေသလို မြန်မာနိုင်ငံ ဧရိယာရဲ့ လေးပုံတစ်ပုံလောက်ကိုသာ ထိန်းချုပ်ထားနိုင်ပါတော့တယ်။ စစ်ရေးအရလည်း အောင်မြင်မှုရမယ့် အလားအလာ ဘာမှ မရှိပါဘူး။ တစ်ဖက်မှာတော့ တော်လှန်ရေးဖက်မှာ အဲဒီ အခြေအနေတွေ အကုန်ရှိနေပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ လမ်းကြောင်း မဟုတ်ပေမယ့် လက်တွေ့ကျတဲ့ တစ်ခုတည်းသော ရွေးချယ်စရာပါ။ တော်လှန်ရေး အင်အားစုတွေနဲ့ ထောက်ခံအားပေးသူတွေဟာ ဒီကိစ္စကို အောက်ပါ ကဏ္ဍသုံးခုကနေ အရှိန်မြှင့်တင်နိုင်ပါတယ်။

၁။ C3Cနဲ့ J2Cရဲ့ အဖွဲ့ဝင်တွေအပြင် လက်ရှိ နှစ်ဦးနှစ်ဖက် သဘောတူ ညှိနှိုင်းဆောင်ရွက်ရေး အားထုတ် အကောင်အထည် ဖော်နေတဲ့ တခြားအဖွဲ့အစည်းတွေ အားလုံးကို ပလက်ဖောင်း တစ်ခုတည်း အောက်မှာ စုဝေးပေါင်းစည်းနိုင်အောင် ဖိတ်ခေါ်ပြီး စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ရမှာပါ။ တပြိုင်တည်းမှာပဲ ကြားကာလအတွင်း ဒေသဆိုင်ရာ စီမံအုပ်ချုပ်မှုနဲ့ လူသားချင်း စာနာမှု အထောက်အပံ့ရေးရာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုပါ အားဖြည့်သွားရပါမယ်။

၂။ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်တိုက် အကောင်အထည်ဖော်ပြီး ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေ၊ အထူးသဖြင့် NUCCရဲ့ ပြင်ပမှာ ရှိနေပြီး သူတို့ရဲ့ အတွေးအမြင်က FDCကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်းတွေရဲ့ အနှစ်သာရတွေ၊ တန်ဖိုးတွေနဲ့ အကျိုးစီးပွားတွေကို နက်နက်ရှိုင်းရှိုင်း နားလည်လာအောင် စုံစမ်းဖော်ထုတ်ရပါမယ်။

၃။ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုနဲ့ တခြား နားလည်မှုတွေကို အခြေခံပြီး ယုံကြည်မှု တည်ဆောက်ရမှာပါ။ တော်လှန်ရေး အင်အားစုတွေဟာ အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေအတွက် သဘောတူညီမှုတွေနဲ့ အခြေခံမူတွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်ရပါမယ်။ FDCရဲ့ အပိုင်း၁ မှာ ဖော်ပြထားတဲ့ အခြေခံမူတွေက အဲဒီ ဆွေးနွေးမှုတွေကို ခိုင်ခိုင်မာမာ ထောက်ပံ့ပေးနိုင်ပါတယ်။

ဒီအခြေအနေမှာ နိုင်ငံတကာ အသိုက်အဝန်းကလည်း ကိုယ့်အပိုင်းကိုယ် တာ​​ဝန်ကျေပြွန်ဖို့ လိုလာပါပြီ။ အထူးကိုယ်စားလှယ်တွေ၊ သံတမန်တွေဟာ စစ်ကောင်စီနဲ့ ထိတွေ့ ဆွေးနွေးတာတွေကို ရပ်တန်းကရပ်ပြီး ဒီလို ဆွေးနွေးပွဲမျိုးတွေအတွက် တွေ့ဆုံတာ၊ လူသိရှင်ကြား ထောက်ခံရပ်တည်တာတွေကို ပိုမို ဆောင်ရွက်သင့်နေပြီ ဖြစ်ပါတယ်။ နောက်ပြီး ငွေကြေး ထောက်ပံ့မှုတွေကိုလည်း ကွဲပြားတဲ့ ဆွေးနွေးမှု ပလက်ဖောင်းတွေဆီ တိုက်ရိုက် စီးဝင်စေခြင်းအားဖြင့် ဒီလို ဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ အဓိက ဆက်စပ် ပါဝင်သူတွေက ဒီဆွေးနွေးပွဲတွေ ရေရှည်တည်မြဲအောင် အထောက်အပံ့ ရရှိစေသင့်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ် အများစုဟာ ပုန်းခို တိမ်းရှောင်နေရပြီး ငွေရေးကြေးရေး ကျပ်တည်းနေတာကြောင့် ဆွေးနွေးမှုတွေမှာ ရေရှည် ဆက်လက် ပါဝင်စေဖို့အတွက် အကူအညီတွေ လိုပါတယ်။

အမေရိကန် ပြည်ထောင်စုကို ထူထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဂျွန်အဒမ်စ်ဟာ အမေရိကန် တော်လှန်ရေးနဲ့ ပတ်သက်လို့ ရေးသားဖူးတာ တစ်ခုရှိပါတယ်။ “ပြန်လှည့်လို့ မရတော့ဘူး။ လူတွေက မြစ်ကို ဖြတ်ခဲ့ပြီးချိန် တံတားကလည်း ကျိုးပျက်သွားပြီ” ဆိုတာပါ။ အလားတူပါပဲ။ မြန်မာနိုင်ငံက တော်လှန်ရေး လှုပ်ရှားမှုဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတော့သလို တော်လှန်ရေးကလွဲရင် တည်ငြိမ်အေးချမ်းမှုဆီ ဦးတည်မယ့် တခြားလမ်းကြောင်းလည်း မရှိနိုင်တော့ပါဘူး။

(United States Institute of Peaceမှ Visiting Scholar တစ်ဦးဖြစ်သည့် ဦးရဲမျိုးဟိန်း ရေးသားသည့် For Myanmar, the Only Path to Stability Runs Through its Web of Resistance Forces ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)