ထိုင်းနိုင်ငံကို နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နဲ့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စာချုပ်ပါအချက်အလက် ချိုးဖောက်ခံရမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ စာချုပ်ချုပ်ပြီး အလုပ်လုပ်ဖို့သွားခဲ့တဲ့ ကိုထွန်းဆိုသူ ရွှေ့ပြောင်းလုပ်သားဟာ စာချုပ်ချုပ်ချိန်က ဆောက်လုပ်ရေး လုပ်ငန်းအတွက် လက်မှတ်ထိုးခဲ့ပြီး တနေ့လုပ်အားခဘတ် (၃၃၀) ရမယ်လို့ သဘောတူထားပေမယ့် လက်ရှိမှာ သံအလုပ်ရုံတခုမှာ လုပ်ကိုင်နေရပြီး တရက်လုပ်အားခ ၃၂၅ ဘတ်ပဲရနေတယ်လို့ ပြောပါတယ်။
“အချိန်ပိုမရှိရင် လာရတဲ့ ပိုက်ဆံနဲ့ပြန်ရတဲ့ပိုက်ဆံက မကာမိဘူး” လို့ သူကပြောပါတယ်။
အခုလိုအခြေအနေနဲ့ရင်ဆိုင်နေရတာကို တာဝန်ယူပြီးခေါ်လာတဲ့ အေဂျင်စီတွေကိုပြောပြပေမဲ့ အေဂျင်စီတွေဘက်က ဘာမှဆောင်ရွက်ပေးတာမျိုးမရှိပဲ မသိသလိုနေနေကြတယ်လို့ ကိုထွန်းကဆိုပါတယ်။ လက်ရှိ ထိုင်းနိုင်ငံကို အလုပ်သမားပို့ဆောင်ပေးနေတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအများစုဟာ စစ်ကောင်စီက ပြဌာန်းထားတဲ့ ဥပဒေတွေအရ ပို့ဆောင်နေတာဖြစ်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
အခုနှစ်အတွင်းမှာပဲ MoU အလုပ်သမားပေါင်း သောင်းနဲ့ချီဟာ အလုပ်မရရှိတာ၊ သတ်မှတ်လုပ်ခ လစာအပြည့် မရတာ၊ အချိန်ပို မရတာ၊ ဥပဒေမဲ့ အလုပ်ထုတ်တာ၊ မကြာခဏ အလုပ်ပြောင်းရွေ့ခံရတာ၊ လုပ်ငန်းခွင်ထိခိုက်မှုတွေအတွက် နစ်နာကြေးမရတာ စသဖြင့် MoU စာချုပ်ပါ အချက်တွေအပြင် အလုပ်သမားအခွင့်အရေးတွေပါ ချိုးဖောက်ခံရတာတွေရှိနေတာပါ။
စစ်အာဏာမသိမ်းခင်ကလည်း အခုလိုပြဿနာတွေရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြဿနာတွေက ၃၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းလောက်အထိ ပိုတိုးသွားတယ်လို့ အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“အခုက တရားဝင်လာတာဖြစ်ဖြစ် တရားမဝင်လာတာဖြစ်ဖြစ် အဆင်ပြေတဲ့သူက နည်းတယ်၊MoU သမားတွေဆို ရင်လည်း တရားဝင်လူကုန်ကူးသလိုကို လုပ်နေကြတာ၊ ဒီဘက်ရောက်ရင် အလုပ်မသွင်းပေးပဲ ပစ်ထားခဲ့တာ တွေတောင်ရှိတယ်၊ ဘယ်သူမှ အရေးမယူကြတော့ လုပ်ချင်သလို လုပ်နေကြတာပေါ့ ” လို့ ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) က ဦးအောင်ကျော်ကလည်း ပြောပါတယ်။
ထိုင်းနိုင်ငံမှာ သွားရောက်လုပ်ကိုင်ဖို့အတွက် အလုပ်သမားတွေဟာ အတိုးနဲ့ငွေချေးယူပြီး လာကြသူတွေလည်းရှိလို့ တဘက်နိုင်ငံရောက်ချိန်မှာ အခုလို အခွင့်အရေးချိုးဖောက်ခံရတာ၊ စာချုပ်ပါအချက်အလက်တွေ ချိုးဖောက်ခံရတာတွေကြောင့် အခက်အခဲတွေ ကြုံနေကြရတယ်လို့ ပင်လယ်စာစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၂၃) နှစ်အရွယ် ရွှေ့ပြောင်းလုပ်သား ကိုနေဇင်က ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အလုပ်သမားတွေအနေနဲ့ ဘယ်လိုစနစ်မျိုးနဲ့ဖြစ်ဖြစ် ပြည်ပထွက် အလုပ်လုပ်ဖို့အတွက် သေသေချာချာ စိစစ်လေ့လာပြီးမှသာ ဆောင်ရွက်ကြဖို့နဲ့ ပေါင်းနှံချေးဌားပြီး ထိုင်းကိုမသွားကြဖို့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းထားကြပါတယ်။
“စနစ်ကျတဲ့ MoU ကို သူတို့ကအလွဲသုံးစားလုပ်လိုက်တော့ စနစ်မကျဘဲ ပို့နေတဲ့အတွက် ဒီပြသနာတွေက တက်နေတာ၊ အေဂျင်စီကတော့ မနစ်နာဘူး၊ ဆင်းရဲသား အလုပ်သမားတွေ အနေနဲ့ကတော့ ပိုပြီးတော့ဒုက္ခရောက်နိုင်ဖို့ရှိတယ်၊ ပိုပြီးတော့အခက်အခဲတွေရှိမယ်၊” လို့ အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။