ဒီပဲယင်းးမှာ စစ်တပ်က ဒေသခံသုံးဆယ်ကျော်ကိုဖမ်းပြီး လူသားဒိုင်း လုပ်နေတယ်လို့ဆို

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာတွေကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က သံဃာတပါးအပါအဝင် ဒေသခံ သုံးဆယ်ကျော်ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် စစ်ကြောင်း သွားရာတလျှောက် ခေါ်ဆောင်အသုံးပြုနေတယ်လို့ ဒီပဲယင်း မြို့နယ် ညီနောင်များအဖွဲ့က ပြောပါတယ်။
 
လက်ရှိ အဖမ်းခံထားရသူတွေထဲမှာ သံဃာတပါးလည်းပါဝင်ပြီး စစ်တပ်က ဖမ်းဆီးပြီးနောက် လူဝတ်လဲခိုင်း ထားတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များ တာဝန်ခံကိုဖြိုးက DNAကိုပြောပါတယ်။
ကျေးရွာတွေကိုမီးရှို့ကာ ဒီပဲယင်းမြိုနယ်အတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခင်ဦးနယ် ကနေ စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေနဲ့ထပ်တိုက်တွေ့ခဲ့ပြီး (၃၄)ဦးကိုဖမ်းဆီးထားကာ တဦးကိုလည်း ပစ်ခတ် သတ် ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ (၃၄)ဦးထဲက အမျိုးသားတဦးသာပြန်လည်လွတ်မြောက်လာပြီး အဲ့ဒီလွတ်မြောက်လာသူဟာ စိတ် ကျန်းမာရေး ထိခိုက်ထားတဲ့အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။ ဒီပဲယင်းထဲ စစ်တပ်က စစ်ကြောင်းထိုး နေချိန် အတွင်း တိမ်းရှောင်လာတဲ့ ဒေသခံသုံးဦးဟာ မြစ်ကိုဖြတ်ကူချိန် တံတားကျိုးကျလို့ သုံးဦးပျောက်ဆုံးသွားပြီး လက်ရှိမှာ ရုပ်အလောင်းတလောင်းသာပြန်တွေ့ရတယ်လို့သိရပါတယ်။
 
စစ်တပ်က အခုလ(၂)ရက်နေ့မှာ ဒီပဲယင်းမြို့ပေါ်ကထွက်ခွာလာတဲ့ စစ်ကြောင်းတကြောင်း၊ ရွှေဘိုအနောက် ခြမ်း ရွာတွေကနေဆက်လက်ထွက်ခွာလာတဲ့ စစ်ကြောင်းတကြောင်းတို့နဲ့ မူးမြစ်အနီးတလျှောက် ကျေးရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့တာတွေလုပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
 
ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ကောက်ယူထားတဲ့အချက်အလက်တွေအရတော့ စစ်တပ်ကစစ်ကြောင်း ထိုးလာတဲ့ ဒီဇင်ဘာ(၃)ရက်ကနေ ဒီကနေ့အထိ ကျေးရွာ(၁၁)ရွာက ဘုန်းတော်ကြီးကျောင်းသုံးကျောင်းအပါအဝင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံထောင်ချီ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
 
ဒီပဲယင်းနယ်ထဲမှာ အရင်ကတည်းက စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့တာ၊လေကြောင်းအပါအဝင် ပစ်ခတ်တိုက် ခိုက်ခဲ့တာတွေကြောင့် ရွာပေါင်း(၃၂)ရွာက နေအိမ်အလုံးတထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရတာပါ။ အဲ့ဒီဆုံးရှုံး မှုတွေကို ပြန်လည်ထူထောင်ဖို့ကြိုးစားနေဆဲမှာပဲ အခုထပ်မံစစ်ကြောင်းထိုးခံနေရတာဖြစ်ပါတယ်။
 
လက်ရှိမှာ လူဦးရေ ထောင်ချီတဲ့ စစ်ရှောင်တွေအနေနဲ့ ဘေးလွတ်ရာ ဘုရားကျောင်း၊ဇရပ်တွေမှာ မှီခိုနေထိုင်နေ ရပြီး စားနပ်ရိက္ခာ အပါ အဝင် အခက်အခဲတွေကြုံနေကြရတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ က ဆိုပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့ နိုဝင်ဘာလနဲ့ အခုလဆန်းပိုင်းတွေမှာ စစ်ကိုင်းတိုင်းအတွင်းက မူးမြစ်ကမ်းနဲ့ထိစပ်မြို့နယ် တွေ ဖြစ်တဲ့ ရွှေဘို၊ခင်ဦး၊ရေဦး၊အရာတော်၊ကျွန်းလှ၊စတဲ့မြို့တွေကို ဆက်တိုက်စစ်ကြောင်းထိုး တိုက်ခိုက်နေသလို ချင်းတွင်းမြစ်အနီးမြို့၊ရွာတွေမှာလည်း အလားတူ တိုက်ခိုက်နေပါတယ်။