စစ်တပ်က သေဒဏ်ချမှတ်ထားတဲ့ ကျောင်းသားနဲ့လူငယ်တွေအတွက် မိသားစုတွေအသနားခံစာဆက်တိုက်ပေးပို့တောင်းဆိုနေကြ

ပြီးခဲ့တဲ့နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ယောက်နဲ့ အတူလူငယ် ၅ဦးကို သေဒဏ်ချမှတ်တယ်လို့ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ပြည်တွင်းပြည်ပတက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက အဲဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသလို သက်ဆိုင်ရာမိသားစုတွေကလည်း အသနားခံစာတွေဆက်တိုက်ပေးပို့နေကြပါတယ်။

 

 လူငယ်တွေကိုသေဒဏ်ချတယ်လို့ စစ်တပ်က သတင်းထုတ်ပြီးတဲ့နောက် သေဒဏ်နဲ့ပတ်သက်ပြီးပြောဆိုချက်တွေ အမျိုးမျိုးရှိနေပေမယ့် မိသားစုဝင်တွေက မနေ့ ဒီဇင်ဘာ ၆ ရက်နေ့အထိကို သက်ဆိုင်ရာ စစ်ခုံရုံးတွေကိုအသနားခံစာတွေဆက်တိုက်ပေးပို့တောင်းဆိုနေပါတယ်။

 ‘’မနေ့ကအထိ ရှေ့နေနဲ့အသနားခံစာဆက်တင်တယ်။ သူကအဆင်ပြေမယ်ပြောတယ်။ စစ်ခုံရုံးရောနေပြည်တော်ရောအကုန်တင်ထားတယ်။ ဒီနေ့အထိလည်း ကျွန်တော်တို့ကဘာသတင်းမှမရဘူး။အဆက်အသွယ်လည်းမရဘူး။ တသက်တကျွန်းဆိုရင်တောင် ကျွန်တော်ဖြေလို့ရပါတယ်”လို့  ဒဂုံတက္ကသိုလ်ကျောင်းသားကိုဟိန်းထက်ရဲ့ ဖခင်ဖြစ်သူက DNA ကိုပြောပါတယ်။

 တဖက်မှာလည်း ကျောင်းသားလူငယ်တွေကို သေဒဏ်စီရင်မယ်လို့ စစ်တပ်ကအသံလွှင်ထားပေမယ့် ဒီလူငယ်တွေကိုသေဒဏ်ချမှတ်တာမလုပ်ဖို့ လူမှုကွန်ရက်ပေါ်မှာ တောင်းဆိုသံတွေဟာလည်း လူမှုကွန်ရက်တွေပေါ်မှာရပ်တန့်မသွားဘဲဆက်ရှိနေပါတယ်။

 အခုလို အမိန့်ချမှတ်ထားတဲ့ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့  ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ တားဆီးအရေးယူပေးဖို့  ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက  တောင်းဆိုထုတ်ပြန်ထားသလို စစ်ကောင်စီအနေနဲ့  သေဒဏ်ချမှတ်တာတွေ ကွပ်မျက်တာတွေရပ်ဆိုင်းထားဖို့

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးကလည်း တောင်းဆိုထားပါတယ်။

 ‘’ အသနားခံစာတွေဆက်တိုက်ပို့ထားတယ်။ ပြစ်မှုနဲ့ပြစ်ဒဏ်မျှတတဲ့ စီရင်ချက်ချစေချင်တယ်။မဖြစ်နိုင်ဘူး၊ မလုပ်နိုင်ဘူးလို့လည်း မျှော်လင့်ထားပါတယ်။ အမေဖြစ်တဲ့သူကတော့စိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်နေတယ်’’ လို့ သေဒဏ်ချခံထားရတဲ့လူငယ်တဦးရဲ့မိသားစုဝင်ကလည်း DNA ကိုပြောပါတယ်။

 လက်ရှိမှာလည်း စစ်တပ်က သေဒဏ်ချထားတဲ့ ကျောင်းသားလူငယ်တွေအတွက်နိုင်ငံတကာကျောင်းသား သမဂ္ဂတွေက ပုံစံမျိုးစုံနဲ့ တောင်းဆိုလှုပ်ရှားမှုတွေဆက်လုပ်နေကြသလိုမြန်မာစစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းကဖိအားပေးဖို့လည်း ထုတ်ပြန်တောင်းဆိုထားကြပါတယ်။

 

 စစ်အုပ်စုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသား ဦးဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင် တို့ကို သေဒဏ်ချမှတ်ခဲ့တာပါ။

 

 အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသများကူညီစောင့်ရှောက်မှုအသင်း (AAPP) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။