လေတပ်စခန်းတွေ ဆက်တိုက် တိုက်ခိုက်ခံရတဲ့နောက် လုံခြုံရေးအတွက် ပူတင် အစည်းအဝေးခေါ်

မဟာဗျူဟာ လေတပ်စခန်း ၃ ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကာကွယ်ရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရပါတယ်။

 

ဒီဇင်ဘာ ၅ ရက်က ရုရှားနိုင်ငံ အတွင်းပိုင်းမှာရှိတဲ့ အန်ဂဲလ်စ် လေတပ်စခန်းနဲ့ ဒီယာဂျီလီဗို လေတပ်စခန်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ဒါဟာ ယူကရိန်းရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့်လို့ ရုရှားက စွပ်စွဲခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ယူကရိန်း မြောက်ဖက် နယ်စပ်နားက ရုရှားမြို့ တစ်မြို့ဖြစ်တဲ့ ခရက်စ်ခ်က လေတပ်စခန်း တစ်ခုမှာလည်း ပေါက်ကွဲမှု ထပ်ဖြစ်ခဲ့ပါတယ်။

 

နှစ်ရက်အတွင်း လေတပ်စခန်း ၃ ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့နောက် နာရီပိုင်းအတွင်း ပူတင်က ကောင်စီ အစည်းအဝေး ခေါ်ယူပြီး ပြည်တွင်းလုံခြုံရေး အစီအမံတွေ တိုးမြှင့်မယ့် နည်းလမ်းတွေကို ရှာဖွေကြဖို့ အမိန့်ပေးခဲ့ပါတယ်။

 

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဖြစ်စဉ်တွေအတွက် ယူကရိန်းကို အပြစ်ဖို့ထားပေမယ့် ယူကရိန်းဖက်ကတော့ သူတို့လက်ချက် ဟုတ်မဟုတ် ဆိုတာကို ဝန်ခံတာ၊ ငြင်းဆိုတာ ဘာမှ မရှိပါဘူး။

 

လေတပ်စခန်းတွေ တိုက်ခိုက်ခံရတာလို့ ယုံကြည်ရတဲ့ ပေါက်ကွဲမှုတွေအတွင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲ လေယာဉ်ကြီးတွေဖြစ်တဲ့ TU-95 နှစ်စီး ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး ၃ ဦး သေဆုံးတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ လူအသေအပျောက် ရှိတယ်ဆိုတာကို အတည်ပြုပြီး လေယာဉ်တွေကတော့ အနည်းအကျဉ်းလောက်သာ ထိခိုက်ခဲ့တယ်လို့ ပြောထားပါတယ်။

 

ပူတင်ဟာ ဒီဖြစ်စဉ်တွေအတွက် ကောင်စီ အစည်းအဝေး ခေါ်ယူခဲ့တဲ့အပြင် အချုပ်အခြာ အာဏာ ပိုင်နက်ထဲထိ ဝင်ရောက် တိုက်ခိုက် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့ စစ်ဘက် အရာရှိတွေကိုပါ အရေးယူဖွယ် ရှိနေကြောင်း သိရပါတယ်။

 

ရုရှားဟာ နိုင်ငံပိုင်နက်ထဲက စစ်စခန်းတွေ တိုက်ခိုက်ခံရမှုကို အရင်ကလည်း တွေ့ကြုံခဲ့ဖူးပေမယ့် အဲဒီ ဖြစ်စဉ်တွေမှာလည်း ယူကရိန်းက သူတို့ရဲ့ လုပ်ရပ် ဟုတ်မဟုတ် ဆိုတာကို ဘယ်တုန်းကမှ မှတ်ချက် မပေးခဲ့ပါဘူး။

 

အအေးဓာတ် ပြင်းထန်တဲ့ ဆောင်းရာသီ ဝင်ရောက်လာချိန်မှာ ရုရှားက ယူကရိန်းရဲ့ ဓာတ်အားပေးလိုင်းတွေ အပါအဝင် အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာပေမယ့် တစ်ဖက်မှာလည်း အခုလိုမျိုး လေတပ်စခန်းတွေမှာ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့လာရတာ ဖြစ်ပါတယ်။