မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့အပေါ် သေဒဏ်က ကင်းဝေးနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်ကောင်စီကိုဖိအားပေးဖို့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေကတောင်းဆိုနေကြပါတယ်။
သေဒဏ်ချမှတ်တာဟာ လူသားတွေရဲ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်တာကြောင့် နိုင်ငံတွေမှာ သေဒဏ်ချမှတ်တာ အမြစ်ပြတ်စေဖို့ ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားကောင်စီက မနေ့ဒီဇင်ဘာ ၅ ရက်နေ့က အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကို ပေးပို့တောင်းဆိုလိုက်တာပါ။
နိုင်ငံတကာ ဥပဒေတွေ အနေနဲ့ သေဒဏ်ချမှတ်တာကို အတိအပ တားမြစ်မထားပေမယ့် ကမ္ဘာ့ရေစီးကြောင်း အရ လူသားတွေရဲ့ အသက်ရှင်သန်ခွင့်က အရေးပါတာကြောင့် သေဒဏ်ကို ကမ္ဘာ့ နိုင်ငံတွေက ရှောင်ရှားလေ့ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ တရားစီရင်ရေး ကိစ္စရပ်တွေမှာ ပွင့်လင်းမြင်သာစေဖို့၊ မြန်မာ စစ်အစိုးရကို စစ်ရေး၊ စီးပွားရေး ထောက်ပံ့မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးပို့ရာမှာ စစ်ကောင်စီက တဆင့် မဟုတ်ဘဲ မြန်မာပြည်သူတွေ လက်ထဲ တိုက်ရိုက် ရောက်ရန် သေချာစေဖို့ စတဲ့ အချက်တွေလည်း တောင်းဆိုချက်မှာ ပါဝင်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း မြန်မာနိုင်ငံက ကျောင်းသားလူငယ်တွေကိုသေဒဏ်ပေးတာကိုကန့်ကွက်တဲ့ ကန့်ကွက်သည့် ဆန္ဒပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဘုရင်သုံးပါးရုပ်ထုတည်ရှိရာ ရင်ပြင်မှာ ချင်းမိုင်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ထိုင်းနဲ့ မြန်မာလူငယ်တွေကပြုလုပ်ခဲ့ကြပါတယ်။