ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကစစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ဒဂုံတက္ကသိုလ်ကကျောင်းသားလူငယ်တွေနဲ့ ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသူတွေအတွက် နီပေါနိုင်ငံက ကျောင်းသားတွေဟာမနေ့ ဒီဇင်ဘာ၅ ရက်နေ့မှာ နီပေါနိုင်ငံက မြန်မာသံရုံးရှေ့မှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နီပေါကျောင်းသားသမဂ္ဂက ကျောင်းသားတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အစိုးရ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး နီပေါနိုင်ငံ မြန်မာသံရုံး ရှေ့မှာ သေဒဏ်ချမှတ်ခံထားရသူတွေနဲ့တသားတည်းရပ်တည်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကထုတ်ပြန်ထားပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲမှာ နီပေါရဲတပ်ဖွဲ့ကနေပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့လည်းဆက်ထုတ်ပြန်ထားပါတယ်။
လက်ရှိနိုင်ငံတဝန်းမှာလည်း စစ်ကောင်စီကသေဒဏ်ချထားတဲ့ ကျောင်းသားနဲ့လူငယ်တွေအတွက်တော်လှန်ရေးအင်အားစုတွေကတောက်လျှောက်ကန့်ကွက်ရှုတ်ချမှုတွေလုပ်နေသလိုလူမှုကွန်ရက်သုံးစွဲသူပြည်သူတွေကလည်း သေဒဏ်ချခံထားရတဲ့လူငယ်တွေနဲ့တသားတည်းရပ်တည်ကြောင်း စစ်တပ်ကို ကန့်ကွက်နေကြပါတယ်။