တမူးဖြစ်ရပ်ကျူးလွန်သူတွေကို စစ်ဆေး အရေးယူမယ်လို့ NUG ပြော

လတ်တလောရက်ပိုင်းအတွင်းလူမှုကွန်ရက်ပေါ် ရုပ်သံမှတ်တမ်းပျံ့နှံ့ခဲ့ပြီးဝေဖန်မှုတွေလည်းရှိနေတဲ့ တမူးမြို့က ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့မည်သူကိုမဆို ဥပဒေနဲ့အညီထိထိရောက်ရောက်အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒီဇင်ဘာ(၅)ရက် မနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီသတင်းပေးအဖြစ် စစ်ဆေးမေးမြန်းခံနေရတဲ့အမျိုးသမီးတစ်ဦးကို ကလေး – တမူး လမ်း မကြီးပေါ်မှာ PDF ဝတ်စုံဝတ်ဆင်ထားတဲ့သူတချို့က ထိုးကြိတ်ကန်ကျောက်ပြီးနောက် ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ ရုပ်သံတခု ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ် လာတာနဲ့ပတ်သက်လို့ NUG ကအဲ့ဒီလိုထုတ်ပြန်တာပါ။
 
အဲ့ဒီရုပ်သံထဲက လုပ်ရပ်တွေဟာ ကာကွယ်ရေးဝန် ကြီးဌာနကချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ဆန့်ကျင်နေတယ်လို့ NUG ကဆိုပါတယ်။
 
ဒါကြောင့် NUG အနေနဲ့ အဲ့ဒီဖြစ်စဉ်အသေးစိတ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးဖို့စစ်ရေးတာဝန်ရှိသူတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
လတ်တလောပြင်သတင်းဖော်ပြချက်တွေနဲ့ DNA က ဒေသကာကွယ်ရေးအင်အားစုတွေဆီ ဆက်သွယ်မေးမြန်းချက်တွေအရတော့ အဲ့ဒီဖြစ်စဉ်ဟာ တမူးမြို့က NUG လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း(၄)နဲ့ပတ်သက်ကြောင်း အတည် ပြုချက်တွေရှိနေပါတယ်။
 
“အဲဒီကိစ္စကစဖြစ်တုန်းကစ မြို့လူထုကြားမှာဂယက်ထခဲ့တယ်၊ အလောင်းကိုလမ်းပေါ်မှာ ရုပ် ပျက်ဆင်းပျက်တွေ့ခဲ့ကြရတာကိုး၊ မှန်ကန်တယ်ဆိုဆို စည်းလွတ်ဘောင်လွတ်ဖြစ်နေတာ” လို့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တမူးမြို့ခံတဦးကပြောပါတယ်။
 
လက်ရှိပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ဟာ အခုနှစ် ဇွန်လအ တွင်း တမူးမြို့မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်ပြီး နိုဝင်ဘာလအတွင်း တမူးဒေသခံကာကွယ်ရေးတပ်စခန်းတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရာမှာ ရရှိသွားတာဖြစ်နိုင်တယ်လို့ မြို့ခံတွေနဲ့ ဒေသကာကွယ်ရေးအင်အားစုတွေကပြောပါတယ်။
 
ရုပ်သံဖိုင်ထဲကသတ်ဖြတ်ခံရသူဟာ တမူးမြို့ စော်ဘွား (၁၂) ရပ်ကွက်မှာနေထိုင်တဲ့ မအေးမာထွန်းဆိုသူဖြစ်ကာ တမူးမြို့က နာမည်ကြီးပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့ရဲ့ တူမဖြစ်ကြောင်း မြို့ခံတွေကပြောပါတယ်။
 
မအေးမာထွန်းဟာ သာမာန် စျေးရောင်းစျေးဝယ်လုပ်ကိုင်သူဖြစ်ပေမယ့် စစ်ကောင်စီသတင်းပေးအဖြစ်လုပ်ကိုင်နေသူလည်းဖြစ်တယ်လို့ မြို့ခံတွေကအတည်ပြုပါတယ်။ဒါပေမယ့် ရုပ်သံဖိုင်ထဲက ဖြစ်ရပ်ကိုတော့ မြို့ခံတွေကဝေဖန်ကြပါတယ်။
 
” ခံစားချက်အတိုင်းလုပ်လို့မရဘူးဗျ၊မတရားတာတွေလုပ်နေတဲ့သူတွေနောက်ကိုလိုက်ပြီးလုပ်လို့မရဘူး၊ အဲ့လိုလိုက်လုပ်ရင်ဘာမှထူးမှာမဟုတ်တော့ဘူး” လို့ တမူးမြို့ခံနောက်တဦးကပြောပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်မှာလည်း တော်လှန်းရေးတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မှုလုပ်သူတွေအဖြစ် စစ်ကောင်စီကပုံဖော်ဖို့ကြိုးစားနေတာဖြစ်လို့ ထောင်ချောက်ထဲ မကျမိအောင်သတိထားကြဖို့လိုတယ်လို့ဖော်ပြထားပါတယ်။
 
ရုပ်သံထွက်ပေါ်လာပြီး နောက်တရက် ဒီဇင်ဘာ (၄) ရက်က တမူးမြို့မှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာတော့စစ်တပ်ထောက်ခံသူတွေသာပါဝင်တယ်လို့ဆိုပါတယ်။
 
“ခဏလေးပါ၊ တပ်ကလုံခြုံရေးပေးတယ် ” လို့ မြို့ခံတဦးကပြောပါတယ်။စစ်တပ်ထောက်ခံသူတွေသာပါဝင်တာဖြစ်လို့ အင်အားမများဘူးလို့ ဆိုပါတယ်။
 
ရုပ်သံဖိုင်ထဲက ဖြစ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ရှိတယ်လို့ လတ်တလောငတ်မှတ်ခံနေရတဲ့ တမူးတပ်ရင်း(၄)တာဝန်ရှိသူတချို့ကတော့ မအေးမာထွန်းဟာ တမူးမြို့ကို လက်နက်ဝယ်ဖို့သွားတဲ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုမှာ လက်နက်ပွဲစားအယောင်ဆောင်ကာ စစ်တပ်ကိုသတင်းပေးခဲ့သာဖြစ်တယ်လို့ မီဒီယာတချို့ကိုထုတ်ဖော်ပြောဆိုထားပါတယ်။