ရခိုင်မှာ စပါးအထွက်နှုန်းသိသိသာသာ ကျဆင်းသွားလို့ တောင်သူတွေအရှုံးပေါ်

ရခိုင်မှာ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်း သွားတာကြောင့် တောင်သူအများအပြား အရှုံးနဲ့ ရင်ဆိုင်နေကြရပြီး မိရိုးဖလာလုပ်လာခဲ့တဲ့လယ်ယာလုပ်ငန်းကို စွန့်ခွာဖို့အထိပါ ပြင်ဆင်နေကြပြီလို့ ဒေသ တွင်းတောင်သူတွေ က ပြောကြပါတယ်။
 
အခုနှစ် စပါးစိုက်ရာသီဖြစ်တဲ့ မိုးဦးကာလမှာ မိုး ခေါင်တာ၊ မိုးကုန်ပိုင်းမှာ မုန်တိုင်းဝင်လို့ စပါးခင်း တွေ ဆားငံရေဖုံးလွှမ်းသွားတာ၊ အာဏာ သိမ်းမှု ဂယက်ကြောင့် မြေဩဇာတွေ စျေးကြီးတာ၊ လုပ် အား၊ ရိတ်သိမ်းခစရိတ်တွေ ကြီးမြင့်တာ စတဲ့ အချက်တွေကြောင့် အရှုံးပေါ်ကြရတာလို့ ဆိုကြ ပါတယ်။
 
“တော်တော်များများ ရှုံးကြတယ်၊ ကျွန်တော် တို့ဘက်က ပိုဆိုးတယ်၊ စပါးတလုံးမှ မရိတ်ရ တဲ့သူတွေတောင် ရှိ တယ်၊တစ်ရွာလုံး အရှုံးပေါ် တယ်၊ ကျွန်တော့်မှာ အလုပ်သမားတွေကို စပါး တင်း ငါးရာလောက် ပေးရမှာ၊ လယ် ကရတဲ့စပါးက တင်းလေးရာလောက်ပဲရှိတယ်၊ အလုပ်သမားခ တခုတည်းပဲနော် အဲဒါ၊တခြားအသုံးစရိတ်တွေ ပါသေးဘူး”လို့ မင်းပြားမြို့နယ်က တောင်သူ ဦးကျော်သောင်းက ပြောပါတယ်။
 
စပါးခင်းဧက (၃၀)နီးပါးလောက် စိုက်ပျိုးခဲ့ပေမယ့် တင်းလေးရာလောက်ပဲ ရတာဖြစ်ပြီး ပုံမှန်အထွက် နှုန်းနဲ့နှိုင်း ယှဉ်လိုက်ရင် လေးပုံတစ်ပုံလောက်အထိ လျော့နည်းသွားတာဖြစ်တယ်လို့ သူက ပြောပါ တယ်။
 
“နောက်နှစ် လယ် တွေ လျော့လုပ်ဖို့ စဉ်းစား ထားတယ်၊ဒီအတိုင်းပစ်ထားလိုက်ရတော့မှာပေ့ါ”လို့ ဦးကျော်သောင်းက ဆိုပါတယ်။
 
ကိုယ်ပိုင် လယ်ထွန်စက်တွေနဲ့ လယ်ယာမြေတွေ အ များကြီးလုပ်တဲ့သူတွေမှာ ကြီးမားတဲ့အခက်အခဲ မရှိပေမယ့် လယ်အနည်းစုပဲလုပ်ကြတဲ့သူတွေမှာ အကြွေးတွေတင်ကာ ဝမ်းရေးအခက်အခဲအထိ ဖြစ်သွားကြရတယ်လို့ လည်း တောင်သူတွေက ပြောကြပါတယ်။
 
“ပိုက်ဆံချေးပြီးတော့ မြေဩဇာတွေ ဝယ်သုံး ထားတာ၊ မုန်တိုင်းကြောင့် ဆားငံရေ တွေဝင်သွားတော့ အကုန်ပျက်ကုန်တယ်၊ ကိုယ့်အတွက် စားဖို့ စပါးတောင် မရလိုက်ဘူ၊ အကြွေးတွေ တင် သွားတဲ့အပြင် ကိုယ့်ဝမ်းစာတောင် ဝယ်စားရ တော့မယ်”လို့ မြေပုံမြို့က တောင်သူ ဦးကျော်ထွန်း က ပြောပါတယ်။
 
စပါးစိုက် ဧကပေါင်း ဆယ်သိန်းကျော်ရှိတဲ့ ရခိုင်မှာ အခုနှစ်အောက်တိုဘာလအတွင်း ဝင်ရောက်ခဲ့တဲ့ စီထရန်မုန်တိုင်းကြောင့် စပါးခင်းဧက တစ်သိန်းဝန်း ကျင်အထိ ပျက်စီးသွားတယ်လို့ ရခိုင်ပြည်တောင် သူလယ်သမားများသမဂ္ဂက ခန့်မှန်းပါတယ်။
 
အဲ့ဒီလို စပါးစိုက်ဧကသိန်းချီပျက်စီးတာကြောင့် စပါးတင်းပေါင်း သန်းချီအထိ အထွက်နှုန်း လျော့ ကျနိုင်တယ်လို့ ဒေသတွင်းတောင်သူတွေက တွက် ချက်ယူဆထားကြတာပါ။
 
မုန်တိုင်းအပြင် မိုးဦးရာသီတုန်းက မိုးခေါင်ခဲ့တာ၊ စိုက်ပျိုးစရိတ်ကြီးမြင့်တာတွေကြောင့်လည်း လယ်ဧကများစွာကို ထွက်ယက်ခြင်းမပြုဘဲ ချန်လှပ်ထား ခဲ့ကြရတယ်လို့ ရခိုင်ပြည်နယ်တွင်းက တောင်သူတွေက ပြောကြပါတယ်။
 
လယ်သမားတွေဟာ အရင်တုန်းက သုံးသောင်းဝန်းကျင်ပဲပေးရတဲ့ မြေဩဇာတစ်အိတ်ကို စစ်တပ်က အာဏာသိမ်း ပြီးနောက်မှာ တစ်သိန်းကျော်အထိ ပေးဝယ်ကာသုံးစွဲကြရတယ်လို့ သိရပါတယ်။