စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်လေ့ရှိတဲ့ ဖုန်းတာဝါတိုင်က ဆက်သွယ်ရေး ပစ္စည်းတွေ ခိုးယူခံရပြီးနောက် ဖုန်းနဲ့အင်တာနက် ဆက်သွယ်ရေးတွေ ပြတ်တောက်တာ၊ ပုံမှန်မဟုတ်တော့တာတွေဖြစ်နေပြီး ဒေသခံတွေ ဆက်သွယ်ရေး အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။
“အဓိက ကတော့ အင်တာနက်မရတော့တာ၊ လိုင်းကလဲ 2G ပဲရတော့တယ်၊ သူတို့အဲ့မှာ (ဆက်သွယ်ရေး) ပစ္စည်းတွေ အခိုးခံရတယ်လို့ အတည်ပြုနိုင်တယ်၊ ဒါပေမယ် အဲ့ဒီနေရာက သူတို့ကင်းပုန်းဝပ်နေကျနေရာပဲလေ၊ မြို့ထဲလောက်ပဲရတော့တယ် ဖုန်းလိုင်းက (မြို့) အပြင်ထွက်ရင်ကို မရတော့ဘူး” လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။
ကောလင်းမြို့က ဖုန်းလိုင်းတွေအတွက် အရေးပါတဲ့ MPT တာဝါတိုင်တခုက ဆက်သွယ်ရေး ပစ္စည်းတွေ ဒီဇင်ဘာ (၁) ရက်မှာ ဖြတ်ခိုးခံရပြီးနောက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ စတင်ဆိုးရွားသွားတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဲ့ဒီလို ဆက်သွယ်ရေးအခက်အခဲ ဖြစ်နေပေမယ့် ပစ္စည်းတွေဖြုတ်ခိုးခံရတဲ့ တာဝါတိုင်ကို ဒီကနေ့အထိ ပြန်လည်ပြင်ဆင်ခြင်းမရှိသေးလို့ အခက်တွေ့နေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ပစ္စည်းတွေဖြုတ်ခိုးခံရတဲ့ တာဝါတိုင်ဟာ ကောလင်းမြို့တဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်လေ့ရှိတဲ့ နေရာတွေထဲကတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“ကင်းပုန်း ဝပ်တတ်တဲ့နေရာတွေထဲက တစ်ခုအပါအဝင်ပါဗျ၊ မြို့အလယ်ကတိုင်ပါ၊ မြို့ဧရိယာနဲဝေးသွားရင် ဖုန်းကဆက်မရတော့ဘူး၊ အင်တာနက်လဲ မရတော့တဲ့ အခြေအနေဖြစ်နေတယ်” လို့ ကောလင်းအခြေစိုက် တော်လှန်ရေးအင်အားစုဝင် တဦးကလည်း DNA ကိုပြောပါတယ်။