ရခိုင်မှာနှစ်ဘက်တပ်တွေအပစ်ရပ်ထားတယ်ဆိုပေမယ့် အာဏာသိမ်းစစ်တပ်ဟာ ရိက္ခာ၊ လက်နက်ဖြည့်တင်းတာ ၊ စစ်သားတွေ ပြောင်းရွေ့နေရာချတာ စတဲ့ စစ်ရေး လှုပ်ရှားမှု တွေကို နေ့စဉ်ရက်ဆက် လုပ်နေတယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။
“အရင် တိုက်ပွဲတွေ ဖြစ်နေတုန်းကဆိုရင် သုံးလနေလို့ နေဗီတစ်ခါ မသွားဘူး၊ အပစ်ခံရမှာကြောက်လို့ မသွားရဲဘူး လေ၊ အခု အပစ်ရပ်လိုက်တဲ့အခါကျတော့ ချက်ချင်းပဲ နေဗီအကြီးကြီးတွေနဲ့ ရိက္ခာတွေ ပို့နေတာ”လို့ ဘူးသီး တောင်ဒေသခံတဦးက ပြောပါတယ်။
AA နဲ့ စစ်ကောင်စီတပ်တို့ အပစ်ရပ်ပြီး နောက်ရက်ကနေစလို့ အဲဒီလို ရိက္ခာ၊ လက်နက်၊ စစ်သားတွေ ဖြည့်တင်း၊ ရွေ့ပြောင်းနေတာဖြစ်တယ်လို့ ဆိုကြပါတယ်။ AA နဲ့ စစ်ကောင်စီတပ်တို့ဟာ နိုဝင်ဘာ (၂၆) ရက်ကစလို့ နှုတ်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီလို့ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေက ထုတ်ပြောထားကြပါတယ်။
အဲဒီလိုအပစ်ရပ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ နိုဝင်ဘာ (၂၇)ရက်မှာပဲ လက်နက်၊ ရိက္ခာ၊ စစ်သားတွေ တင်လာတဲ့ စစ်ကောင်စီတပ်က စစ်ရေယာဥ်တွေစစ်တွေကနေ ဘူးသီးတောင်မြို့နယ်ဘက်ဆီ ပြောင်းရွှေ့တာရှိတယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။
ဒါ့အပြင် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြားမြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့တပ်ရင်းတွေဆီကိုလည်း စစ်ရေယာဥ်အကြီးစား တွေနဲ့ လက်နက်၊ ရိက္ခာဖြည့်နေတာရှိတယ်လို့ ကိုယ်တိုင်မြင်တွေ့ကြရတဲ့ ဒေသခံတွေက ပြောကြပါတယ်။
“နေဗီက နေ့တိုင်းလို သွားနေတာ၊ဒီနေ့လည်း စစ်တွေဘက်ကနေ လေးစီး တက်သွားမယ်၊ ရိက္ခာတွေ၊ လက်နက် ခဲယမ်းတွေနဲ့ လူတွေလည်း ပါတယ်ကြားတယ်၊မင်းပြားမြို့ပေါ် တပ်ရင်းတွေကို ပို့တာပေ့ါ၊ ဟိုးတစ်ရက်ကလည်း နေဗီသုံးစီးနဲ့ လာပို့သေးတယ်”လို့ မင်းပြားဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ကအခုလိုမျိုး လက်နက်၊ ရိက္ခာဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေမယ်ဆိုရင် နှစ်ဘက်အပစ်ရပ်စဲမှုဟာ ရေရှည်ခံ မယ်မထင်ကြောင်း ရခိုင်ဒေသခံတွေက ပြောကြပါတယ်။
“ဒီလိုပဲ အလုံးအရင်းနဲ့ လူအင်အား၊ လက်နက်အင်အားတွေ စုဆောင်းနေမယ်ဆိုရင် ဘယ်လောက်မှ သည်းခံနိုင် ကြမယ်မထင်ဘူး၊တိုက်ပွဲတွေ ပြန်ဖြစ်ကြမယ်ထင်နေတယ်”လို့ မင်းပြားဒေသခံက ပြောပါတယ်။
ရခိုင်မှာ နှစ်ဖက်အပစ်ရပ်ခဲ့ကြတဲ့ ၂၀၂၀ တုန်းကလည်း စစ်တပ်ဟာ အခုလိုမျိုး ရိက္ခာ၊ လက်နက်တွေ ဆက်တိုက် ဖြည့်တင်း၊ နေရာချနေခဲ့တယ်လို့ ဒေသ ခံတွေနဲ့ လေ့လာသူတွေက ပြောကြပါတယ်။ အခုနောက်တစ်ကြိမ် ထပ်ပြီး အပစ်ရပ်တဲ့အခါမှာလည်း ရိက္ခာ၊ လက်နက်ဖြည့်တင်းတာတွေ လုပ်နေတာပါ။
“သူတို့ အားရောက်သွားရင် ပြည်သူတွေမှာ ပိုဒုက္ခ ရောက်တယ်”လို့ ရခိုင်ဒေသခံတစ်ဦးက အာဏာ သိမ်းစစ်တပ်ကို ရည်ညွှန်းပြောပါတယ်။
ရခိုင်မှာ အပစ်ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ လက်နက်၊ ရိက္ခာဖြည့်တာအပြင် ရခိုင်ပြည်နယ်အတွင်းက လမ်းတွေကို ပိတ်တာ၊ ဆေးဝါး ၊ ရိက္ခာ သယ်ယူခွင့် ကန့်သတ်တာ စတာတွေလည်း လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံ တွေက ပြောကြပါတယ်။