စစ်ကိုင်းတိုင်း၊ကလေးမြို့မှာ လျှပ်စပ်မီးပြတ်တောက်နေတာ တပတ်လောက်ကြာပြီဖြစ်ပြီး ဖုန်းလိုင်းကလည်း နေရာတချို့မှာသာဆက်သွယ်လို့ရလို့ အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလို ရက်ရှည် လျှပ်စစ်မီးပြတ်တောက်တာကြောင့် လောင်စာကုန်စည်ဖြစ်တဲ့ မီးသွေးစျေးတက်လာသလို အခကြေးငွေနဲ့ ဖုန်းအားသွင်းရတဲ့အခြေအနေတွေလည်း ဖြစ်နေတယ်လို့သိရပါတယ်။
အရင်က တအိတ် ကျပ်ရှစ်ထောင်ပေးရတဲ့ မီးသွေးက ရက်ပိုင်းအတွင်းမှာပဲ တအိတ်ကိုးထောင်ဖြစ်လာပြီး ဖုန်းတလုံး ကျပ်ငါးရာ၊ပါဝါဘန့် တလုံး ကျပ်တထောင်ပေးပြီး အားသွင်းကြရတယ်လို့ဆိုပါတယ်။
အခုလို လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေတာကြောင့် အခြေခံ လူတန်းစားတွေအတွက် အခက် အခဲ ပိုဖြစ်စေတယ်လို့ ကလေးမြို့ခံတချို့ကပြောပါတယ်။
” မနက်မိုးမလင်း(စျေး)ရောင်းတဲ့သူတွေဆို သူတို့ အာသွင်းမီးတွေမရကြတော့ ကျွန်တော်တို့ဆိုင်မှာ LED မီးလုံးတွေလာဝယ်ကြတယ်၊ကျွန်တော်တို့ဆီက မီးလုံးအသစ်ဆိုတော့ အားပြည့်တာပေါ့၊ တစ်လုံးတစ်သောင်းဝန်းကျင်ပေါ့၊သူတို့သုံးရက်လောက်ပဲခံမှာ၊ထပ်အားမသွင်းဘူးဆိုရင်၊အားကလည်းဘယ်ကသွင်းမလဲ၊ သူတို့တမနက်ရောင်းရတဲ့အမြတ်နဲ့ ဘယ်လိုမှကိုက်မှာမဟုတ်ဘူး” လို့ လျှပ် စစ်ပစ္စည်း ဆိုင် ပိုင်ရှင်တဦးကပြောပါတယ်။
လျှပ်စစ်မီးမရတဲ့အပြင် ဖုန်းလိုင်းတွေပါပြတ်တောက်နေတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မူတွေလည်းခံစားရတယ်လို့ မြို့ခံတစ်ချို့က ဆိုပါတယ်။
“ကျွန်မတို့အလုပ်က ပန်းရန်လုပ်ရတာ၊ညနေမိုးချုပ်ဆို အိမ်ကစိတ်ပူတာပေါ့၊ ဖုန်းကမရဆိုတော့၊ ဖုန်းကလည်းအားမရှိတဲ့အပြင် လိုင်းကပါမကောင်းဆိုတော့။ ပါဝါဘန့်ဝယ်ဖို့ထား၊ ဖုန်းတစ်လုံးငါးရာပေးသွင်းဖို့တောင် တော်တော်စဥ်းစားရတာ၊ကျွန်မဆို ငါးရာတစ်ခါသွင်းတာနဲ့ သုံးရက်သုံးတာ” လို့ ကလေးမြို့မှာ ပန်းရံလုပ်တဲ့ အမျိုးသမီးတဦးကပြောပါတယ်။
စစ်ကိုင်းအတွင်းက ကလေးခရိုင်နဲ့ ဂန့်ဂေါခရိုင်တွေမှာ မီးပြတ်နေသလို ချင်းပြည်နယ်ဘက်က မင်းတပ်၊မတူပီ၊ကန်ပက်လက်၊ဟားခါး၊ဖလမ်း စတဲ့မြို့တွေမှာလည်းအလားတူ မီးပျက်တာ၊ဖုန်းလိုင်းပြတ်တောက်တာတွေဖြစ်နေတာပါ။
အခုလိုကလေး၊ ဂန့်ဂေါမြို့နယ်တွေလျှပ်စစ်မီးပြတ်တောက်နေတာဟာ ပေါက်မြို့နယ်ဘက်က တာဝါတိုင်တစ်ခုကျိူးကျသွားတာကြောင့်ဖြစ်တယ်လို့ လျှပ်စစ်ဝန်ထမ်းတချို့က DNA ကိုပြောပါတယ်။
” အဓိကတိုင်ကတော့ ပြီးသွားပြီ၊ဘေးအထောက်တိုင်တွေမတ်နေရတာ၊ဘယ်အချိန်ရမယ်တော့ မပြောနိုင်သေးဘူး၊ ပြီးရင်တောင် သူတို့(စစ်ကောင်စီ) လွှတ်ဆိုမှလွှတ်ရမှာလို့ အမည်မဖော်လိုတဲ့ လျှပ်စစ်ဝန်ထမ်းတဦးက ပြောပါတယ်။
မကွေးတိုင်းအတွင်းက ညောင်ပင်ကြီး-ချောင်းကူး ဓာတ်အားလိုင်း လက်နက်ကြီးထိမှန်တာအပါအဝင် ဒေသတချို့က လျှပ်စစ်တာဝါတိုင်တွေနဲ့ဓာတ်အားလိုင်းတွေ တိုက်ခိုက်ဖျက်ဆီးခံရလို့ ဓာတ်အားထုတ် လုပ်မှုနဲ့ဖြန့်ဖြူးမှုလျော့နည်းပြတ်တောက်တာတွေရှိနေတယ်လို့စစ်ကောင်စီကနိုဝင်ဘာလကုန်ပိုင်းမှာထုတ်ပြန်ထားပါတယ်။