ကရင်နီပြည်နယ် ၊ ဒီးမောဆိုမြို့နယ်ထဲက ဒေါကမီးကျေးရွာမှာ မနေ့ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကောင်စီနဲ့ကရင်နီဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတနေကုန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ၂၀ ကျော်သေဆုံးပြီး ၄ဦးကိုအရှင်ဖမ်းမိတယ်လို့ KNDF က ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာထုတ်ပြန်လာပါတယ်။
ဒီတပ်ရင်းဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ ဖရူဆိုမြို့နယ်ထဲက မိုဆိုကျေးရွာအနီးမှာဖြစ်ခဲ့တဲ့ ဒေသခံ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ အခြေစိုက်တပ်ရင်းဖြစ်တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။
မနေ့ကတိုက်ပွဲမှာတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်ကလေကြောင်းပစ်ခတ်မှုတွေလည်းလုပ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး ဖမ်းဆီးရမိသူတွေရှိသလို စစ်လက်နက်တွေသိမ်းဆည်းရမိတာဟာ ဖရူဆိုမှာအပြစ်မဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၄၀ ကျော်အတွက်လက်တုံ့ပြန်တာဖြစ်တယ်လို့ KNDF ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။
လက်ရှိမှာလည်း ဒီးမောဆို့မြို့နယ်ထဲက ကုန်းသာရွာအရှေ့ဘက်နဲ့ သေးဆူလဲ ဒေါကမီးတို့မှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာနိုင်တာကြောင့် ဒေသခံတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ကိုလည်း KNDF ကထုတ်ပြန်ထားပါတယ်။