ကပ်ရောဂါ စည်းမျဉ်းတွေကြောင့် တရုတ် ဖော်မြူလာဝမ်း ဂရင်းပရီပွဲစဉ် ဖျက်သိမ်းလိုက်ရ 

ကိုဗစ် ကပ်ရောဂါဆိုင်ရာ အခက်အခဲ အတားအဆီးတွေကြောင့် လာမယ့်နှစ် တရုတ် ဂရင်းပရီ ကားမောင်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း ဖော်မြူလာဝမ်း အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ 

မူလက ရှန်ဟိုင်းမှာ ကျင်းပမယ့် ပြိုင်ပွဲကို လာမယ့်နှစ်၊ ဧပြီလမှာ လျာထားခဲ့ပါတယ်။ ဒါဟာ ကပ်ရောဂါ ကူးစက်မှုတွေ စတင်ခဲ့တဲ့ ၂၀၁၉ နောက်ပိုင်း တရုတ်မြေမှာ ပထမဆုံး ပြန်လည် ကျင်းပမယ့် ဂရင်းပရီ ပွဲစဉ် ဖြစ်လာမှာပါ။ 

ဒါပေမဲ့ လက်ရှိ အချိန်ထိ တရုတ် အစိုးရက ဇီးရိုးကိုဗစ် မူဝါဒကို လက်ကိုင်ထားပြီး ကပ်ရောဂါ ကူးစက်မှု ဖြစ်ပွားရာ ဧရိယာတွေမှာ တင်းကျပ်တဲ့ Lockdownတွေ ရုတ်တရက် ချတာမျိုး၊ အသွားအလာ ကန့်သတ်စေတာမျိုး၊ Quarantine ဝင်ခိုင်းတာမျိုးတွေ ရှိနေတာကြောင့် ပြိုင်ပွဲ ကျင်းပဖို့ အခက်အခဲတွေ ဖြစ်လာကြောင်း ဖော်မြူလာဝမ်းက ထုတ်ပြန်ပါတယ်။ 

ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ တရုတ်အစိုးရ အရာရှိတွေနဲ့ ရက်အတော်ကြာ ညှိနှိုင်း ဆွေးနွေးခဲ့ပေမယ့် ကျေနပ်လောက်စရာ ဖြေရှင်းမှုတစ်ခု ထွက်ပေါ် မလာနိုင်တာကြောင့် ရှန်ဟိုင်းက ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြရတာပါ။ 

ပြိုင်ပွဲ ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေက တစ်ပတ်လောက် စောပြီး ထွက်ပေါ်နေခဲ့ပေမယ့် ဖော်မြူလာဝမ်း အဖွဲ့ချုပ်က ဒီဇင်ဘာ ၂ ရက်မှ အတည်ပြု ကြေညာခဲ့ပါတယ်။ ပွဲဖျက်သိမ်းလိုက်တဲ့ အချိန်မှာ အစားထိုးဖို့ ဖော်မြူလာဝမ်းဖက်က ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ 

မူလက ရှန်ဟိုင်းမှာ တရုတ် ဂရင်းပရီကို လာမယ့်နှစ်၊ ဧပြီ ၁၆ ရက်မှာ ကျင်းပဖို့ လျာထားခဲ့ပါတယ်။ အခုတော့ အဲဒီနေ့မှာ ပေါ်တူဂီက ပေါ်တီမာယို ပြိုင်ကားကွင်းမှာ အစားထိုးပြီး ပြိုင်ပွဲ ကျင်းပသွားဖို့ ဖြစ်နိုင်ခြေတွေကို ဖော်မြူလာဝမ်း တာဝန်ရှိသူတွေက တွက်ချက် စဉ်းစားနေကြောင်း သိရပါတယ်။ 

ကာတာနိုင်ငံမှာ ပရိသတ် သန်းနဲ့ချီ တက်ရောက် အားပေးတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတဲ့အချိန် တရုတ်မှာ ကိုဗစ်ထိန်းချုပ်ရေး မူဝါဒကြောင့် ဂရင်းပရီပွဲစဉ် ဖျက်သိမ်းရတယ် ဆိုတာက ဖော်မြူလာဝမ်း ပရိသတ်တွေ အတွက်တော့ ဝေဖန် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ တရုတ် အစိုးရဟာ တင်းကျပ်တဲ့ ဇီးရိုးကိုဗစ် မူဝါဒတွေကို ခေါင်းမာမာနဲ့ ဆက်လက် ဆွဲကိုင်ထားတာကြောင့် ပြည်တွင်းမှာလည်း မကျေမနပ် ဆန္ဒပြမှုတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။