ထူးထူးဆန်းဆန်း စံချိန်မှတ်တမ်း တစ်ခုနဲ့အတူ ကမ္ဘာ့ဖလား အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ ဂျပန်အသင်း 

နာမည်ကြီး စပိန်အသင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဂျပန်အသင်းဟာ ပြိုင်ပွဲ သမိုင်းတလျှောက်မှာ ထူးထူးခြားခြား စံချိန်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁ ရက် ညပိုင်းက ပွဲစဉ်မှာ အာရှအသင်း ဂျပန်က ကမ္ဘာ့ဖလား ချန်ပီယံဟောင်း စပိန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်ခဲ့ကြပါတယ်။ စပိန်ကလည်း အခုပွဲ ရှုံးပေမယ့် အုပ်စု ဒုတိယအဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

အဲဒီပွဲမှာ စပိန်ဟာ သူတို့ရဲ့ ရိုးရာဟန်အတိုင်း ဘောလုံးကို အကောင်းဆုံး ထိန်းချုပ်ပြီး ပြိုင်ဘက် ဂျပန်ကို ဖိအား ပေးနိုင်ခဲ့ပါတယ်။ ဂျပန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၁၇.၇ ရာခိုင်နှုန်းသာ ရှိခဲ့တာကြောင့် ကမ္ဘာ့ဖလား သမိုင်းတလျှောက် နိုင်ပွဲရ အသင်းတစ်သင်းအတွက် ဘောလုံး ပိုင်ဆိုင်မှု အနည်းဆုံး စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။ 

မီဒီယာတွေကတော့ စပိန်ရဲ့ နာမည်ကြီး Tiki Taka ကစားဟန်ကို ချိုးဖျက်သူတွေအဖြစ် ဂျပန် ကစားသမားတွေကို ချီးကျူးနေကြပါတယ်။ 

ဒီပွဲမှာ စပိန်အတွက် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာက စောစောစီးစီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း အစမှာ ဂျပန်က နှစ်ဂိုးဆက်တိုက် ပြန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာ ဂျပန်အတွက် အေယို တာနာကာ သွင်းယူတဲ့ ဒုတိယဂိုးဟာ အငြင်းပွားစရာ အခြေအနေတွေ ကြုံခဲ့ပါတယ်။ 

တာနာကာ ဂိုးမသွင်းခင် အသင်းဖော် ကော်ရူ မီတိုမာ ဖြတ်ပို့တဲ့ ဘောလုံးဟာ ဂိုးစည်းကို ကျော်သလို ဖြစ်နေပေမယ့် VAR ဆုံးဖြတ်ချက်အရ ဂိုးလွန်ဘော မဖြစ်ဘူးလို့ သတ်မှတ်ပြီး ကွင်းလယ်ဒိုင် ဗစ်တာ ဂိုမက်စ်က ဂိုးအဖြစ် ခွင့်ပြုပေးခဲ့ပါတယ်။ 

ဒီပွဲရလဒ်ကြောင့် ဂျပန်ဟာ ၂၀၀၂ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရခဲ့တဲ့ ပြိုင်ပွဲနောက်ပိုင်း ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ အုပ်စုတွင်း ပြိုင်ဘက် ဂျာမနီကတော့ ဂျပန်ရဲ့ နိုင်ပွဲကြောင့် အုပ်စု တတိယ နေရာသာ ရခဲ့ပြီး ကမ္ဘာ့ဖလားကနေ စောစောစီးစီးပဲ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါတယ်။