အပစ်ရပ်လိုက်ပေမယ့် ရခိုင်စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အသင့်မဖြစ်သေး

ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်ထားကြပေမယ့် လူနေရွာတွေဆီ အကြောင်းမဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့ စစ်တပ်ကို မယုံကြည်တာကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေသူတချို့က DNA ကိုပြောပါတယ်။

“အပစ်အခတ်ရပ်ထားတယ် ဆိုပြီးတော့ သူတို့ကိုက စိတ်ချလို့မရဘူး၊ ယုံကြည်လို့မရဘူး၊ သူတို့ ကလိမ်ဉာဏ်နဲ့ ဘယ်လိုလုပ်လာမလဲဆိုတာကို ကြောင့်ကြစိုးရိမ်ရပါတယ်၊ လက်နက်ကြီးပစ်မယ့်ဟာကို အဓိက စိုးရိမ်ရတာပါ၊ သူတို့က ဘာမှမဖြစ်လည်း ရွာထဲကို လက်နက်ကြီးတွေ ပစ်နေတာ” လို့ ကျောက်တော်မြို့နယ် နဂရာကျေးရွာ ဒေသခံ စစ်ရှောင်တဦးက ပြောပါတယ်။

နဂရာရွာဟာ စစ်ကောင်စီရဲ့ တပ်မအနီးမှာရှိပြီး တစ်ကျော့ပြန် ရခိုင်တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ရွာထဲကျလို့ ကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးအပါအဝင် ဒဏ်ရာရသူ အနည်းဆုံး ငါးဦးအထိရှိခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။

AA နဲ့ စစ်ကောင်စီတပ်တို့ဟာ လအနည်းငယ်ကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ (၂၆) ရက်ကစလို့ နုတ်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲလိုက်ပြီလို့ နှစ်ဖက်ပြောရေးဆိုခွင့်ရှိသူတွေက ထုတ်ပြောထားကြပါတယ်။

အဲဒီလို အပစ်ရပ်လိုက်ပြီး မြေပြင်မှာလည်း ပစ်ခတ်မှုတွေ မရှိတော့ပေမယ့် စစ်ဘေးရှောင်အများစုကတော့ လက်ရှိနေထိုင်ရာ စစ်ဘေးရှောင်စခန်းတွေကနေ နေရပ်ပြန်ကြတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်ပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း စစ်ရှောင်အများစု နေရပ်ဆီ မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“ရွာမှာ လေးပုံတစ်ပုံတောင် မရှိဘူး၊ စပါးရိတ်ဖို့ လာကြတဲ့သူတွေလောက်ပဲ ရှိတယ်” လို့ ပုဏ္ဏာကျွန်းမြို့နယ် တန်းခိုးရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိနေရပ်ကို ပြန်ရောက်နေသူအများစုက စပါးရိတ်သိမ်းကြဖို့ဖြစ်ပြီး စပါးရိတ်သိမ်း၊ ခြွေလှည့်ပြီးချိန်မှာ စစ်ရှောင်စခန်းတွေဆီ ပြန်သွားကြမှာဖြစ်တယ်လို့ စပါးရိတ်ဖို့ နေရပ်ပြန်ရောက်နေတဲ့ ကျောက်တော်ဒေသခံ တောင်သူတဦးက ပြောပါတယ်။

“အပစ်ရပ်ထားပေမယ့် လက်မှတ်ထိုးထားတာ မဟုတ်တော့ သူတို့ကိုယုံကြည်လို့မရဘူး၊ ကျွန်တော်တို့ လယ်သမားတွေမှာလည်း ရိပ်သိမ်းပြီးတော့ ကယ်ဆယ်ရေးကို ပြန်သွားကြမှာပါ၊ ဒီမှာက မနေရဲဘူး၊ သူတို့ က ဘာမှမဖြစ်ဘဲ ရွာထဲကိုချည်းပဲ လက်နက်ကြီးတွေပစ်လို့ သေခဲ့ကြရပြီလေ” လို့ သူက ဆိုပါတယ်။

ရခိုင်မှာ အခုနှစ် ဇူလိုင်လလောက်ကနေ စခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း လေးသောင်းဝန်းကျင်လောက်ရှိပြီး ယခင်လက်ကျန်စစ်ရှောင်တွေနဲ့ပါဆိုရင် တစ်သိန်းကျော်အထိ ရှိနေတယ်လို့ ရခိုင့်တပ်တော် AA နဲ့ အရပ်ဘက်စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေက ဆိုပါတယ်။

အဲဒီစစ်ရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေ၊ ကယ်ဆယ်ရေးစခန်းတွေမှာ စားနပ်ရိက္ခာ၊ အဝတ်အထည် စတဲ့အခက်အခဲများစွာနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုတွေကို ပိတ်ဆို့ ဖြတ်တောက်လိုက်တဲ့အပြင် စစ်ရှောင်တွေကိုကူညီပေးနေတဲ့ နိုင်ငံတကာကူညီရေးအဖွဲ့တွေကိုပါ ထောက်ပံ့ခွင့်ပိတ်ပင်လိုက်တဲ့အတွက် စစ်ရှောင်တွေဟာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

“ကျွန်မတို့ အကူအညီတစ်ခုမှ မရတော့ဘူး။ အလုပ်ကလည်း မလုပ်ကြရဘူး၊ ငတ်ငတ်မွတ်မွတ်နဲ့ပါပဲ၊ စားစရာမရှိတော့ ဆီဆမ်းပြီး စားကြတဲ့နေ့တွေလည်း ရှိတယ်၊ အိမ်ပြန်ဖို့ကလည်း မပြန်ရဲသေးဘူးလေ”လို့ မြောက်ဦးမြို့ ဒေသခံ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အရင်အရပ်သားအစိုးရလက်ထက်ကတည်းက ရခိုင်စစ်ရှောင်တွေအတွက် ပုံမှန်ထောက်ပံ့လာခဲ့တဲ့ ဆန်ရိက္ခာတွေကို အခုနှစ်ဆန်းပိုင်းကတည်းက လုံး၀ဖြတ်တောက်ခဲ့ပြီး စက်တင်ဘာလလယ်မှာတော့ အကူအညီပေးနေတဲ့ NGOs၊ INGOs တွေကိုပါ သွားရောက်ကူညီခွင့် ပိတ်ပင်ခဲ့တာပါ။

လက်ရှိ အပစ်ရပ်တဲ့အချိန်မှာလည်း အဲဒီကူညီရေးအဖွဲ့တွေဟာ ကူညီခွင့်မရကြသေးဘူးလို့ ဆိုကြပါတယ်။