တရုတ် ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းဟာ အသက် ၉၆ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း တရုတ် အစိုးရ မီဒီယာတွေက အတည်ပြု ဖော်ပြခဲ့ပါတယ်။
Xinhua သတင်းဌာနက ကျန်ကွယ်လွန်သွားကြောင်း သတင်းကို နိုဝင်ဘာ ၃၀ မှာ ထုတ်ပြန်ခဲ့သလို ဝမ်းနည်းခြင်း သင်္ကေတ အနေနဲ့ သတင်းဝက်ဘ်ဆိုက်ရဲ့ နောက်ခံကို အနက်ရောင်နဲ့ အဖြူရောင် ပြောင်းလဲခဲ့ပါတယ်။
အာဏာရ ကွန်မြူနစ် ပါတီက ကျန်ဟာ သွေးကင်ဆာ ရောဂါအပြင် ကိုယ်တွင်းအင်္ဂါတချို့ ပျက်စီးမှုတွေကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ကျန်ရဲ့ ဈာပနကို စတင် စီစဉ်နေပြီဖြစ်ပြီး လက်ရှိ သမ္မတ ရှီကျင့်ဖျင်ရော၊ ကျန်ရဲ့ အရိုက်အရာ ဆက်ခံသူ ဖြစ်ခဲ့တဲ့ ဟူကျင်းတောင်တို့ပါ တက်ရောက်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြားက ဧည့်သည်တွေကို ဖိတ်ကြားသွားမှာ မဟုတ်ပါဘူး။
ကျန်ဟာ ၁၉၈၉ ခုနှစ်က တရုတ်မှာ ဖြစ်ပွားခဲ့တဲ့ တီယန်နန်မင်ရင်ပြင် ဒီမိုကရေစီရေး လှုပ်ရှားမှုကို အပြင်းအထန် နှိပ်ကွပ်ဖို့ ဦးဆောင်ခဲ့သူ တစ်ဦးအဖြစ် နာမည်ဆိုး ထွက်ခဲ့သလို သူ့လက်ထက်မှာ တရုတ်ရဲ့ စီးပွားရေး မူဝါဒတွေ စတင် ပွင့်လင်းလာတဲ့ အတွက်လည်း ချီးကျူး ခံခဲ့ရဖူးပါတယ်။
ကျန်ဟာ တီယန်နန်မင် ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွင်းဖို့ သဘောထား တင်းတင်းမာမာ ဆုပ်ကိုင်ခဲ့ပြီး အရေးတော်ပုံ အပြီးမှာ အာဏာရ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲ၊ အတွင်းရေးမှူးချုပ် ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ တရုတ် သမ္မတ ရာထူးကိုလည်း ရယူခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူရယ်၊ သား ၂ ဦးရယ်၊ မြေး ၂ ဦးရယ် ကျန်ခဲ့ပါတယ်။ ကျန်ကွယ်လွန်ချိန်ဟာ တရုတ်မှာ အစိုးရရဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး မူဝါဒတွေ တင်းကျပ်ထားတာကို ပြည်သူတွေက မခံမရပ် ဆန္ဒပြနေကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လက်ရှိ ကာလဟာ တီယန်နန်မင်နောက်ပိုင်း တရုတ်မှာ ဆန္ဒပြ လှုပ်ရှားမှုတွေ အများဆုံး ဖြစ်ပေါ်နေတဲ့ အချိန်လို့လည်း သတ်မှတ်နိုင်ပါတယ်။
ကွန်မြူနစ် ပါတီကတော့ ကျန်ကို ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တစ်ဦး၊ စမ်းသပ်မှုပေါင်းစုံကို ကြံ့ကြံ့ခံ ကျော်လွှားပြခဲ့တဲ့ ကွန်မြူနစ် တိုက်ခိုက်ရေးသမားကောင်း တစ်ဦးလို့ ချီးကျူး ဖော်ပြထားတာ တွေ့ရပါ့တယ်။
ဘေဂျင်းကို အလည်အပတ် ရောက်ရှိနေတဲ့ လာအို သမ္မတကို ဧည့်ခံ တွေ့ဆုံချိန်မှာ သမ္မတ ရှီက သူ့အနေနဲ့ ကျန်ကွယ်လွန်မှုကြောင့် အလေးအနက် ကြေကွဲမိကြောင်း ပြောကြားသွားပါတယ်။ နောက်ပြီး အဲဒီ ဝမ်းနည်း ကြေကွဲမှုတွေကို ခေတ်သစ် တရုတ် ဆိုရှယ်လစ် လူ့အဖွဲ့အစည်း တည်ဆောက်ဖို့ ကြိုးပမ်းမှုတွေမှာ ခွန်အားအဖြစ် ပြောင်းလဲ အသုံးချသွားမယ်လို့ ရှီက ကတိပြုခဲ့ကြောင်းလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျန်ဟာ ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် ၁၉၈၉ ကနေ ၂၀၀၂ ခုနှစ်ထိ တာဝန်ယူခဲ့ပြီး တရုတ် သမ္မတ တာဝန်ကိုတော့ ၁၉၉၃ ကနေ ၂၀၀၃ ခုနှစ်အထိ ၁၀ နှစ်ကြာ ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။