ဇလွန်မှာ ရာအိမ်မှူးအသတ်ခံရမှုနဲ့ စွပ်စွဲခံရသူတွေကို ထောင် နှစ် ၂၀ နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ မဟာသာကျေးရွာအုပ်စုက ရာအိမ်မှူး ဦးအေးထွန်းပစ်ခတ်သတ်ဖြတ်ခံရမှုမှာ စစ်တပ်ကစွပ်စွဲဖမ်းဆီးထားသူ ၇ ဦးကို ထောင်ဒဏ် အနှစ် ၂၀ အပါအဝင်နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စွပ်စွဲဖမ်းဆီးခံထားရသူတွေထဲက အသက်၅၆နှစ်အရွယ် ဦးစိန်သောင်းကို ဦးစိန်သောင်းဆိုသူကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကျန်တဲ့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ ထောင်ဒဏ် ၁၀ နှစ်စီပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ထောင်တွင်းတရားရုံးကနေ အသီးသီးထောင်ဒဏ်တွေ ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရာအိမ်မှူး ကို၀င်ပစ်လို့ရအောင် PDFတွေကို သတင်းပေးတယ်၊ ကူညီပေးတယ်ဆိုပြီး တဖက်သတ်စွပ်စွဲပြီး အမိန့်ချလိုက်တာဖြစ်တယ်’’ လို့ ထောင်ချခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူက DNA ကိုပြောပါတယ်။

ဒါ့အပြင် စွပ်စွဲဖမ်းဆီးထောင်ချခံရသူတွေနဲ့ ပတ်သက်ပြီး တရားခွင်မှာ သက်သေအထောက်အထားတွေလည်း ပြသနိုင်တာမရှိခဲ့ဘူးလို့လည်း ရှေ့နေအသိုင်းအဝိုင်းနဲ့နီးစပ်သူတွေရဲ့ပြောဆိုချက်လည်းရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ မဟာသာကျေးရွာအုပ်စုက ရာအိမ်မှူး ဦးအေးထွန်းကို တော်လှန်ရေးအင်အားစုတွေက မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက နေအိမ်အတွင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် ဒေသခံတချိုကို စွပ်စွဲဖမ်းဆီးပြီး အခုလို ထောင်ဒဏ်တွေချမှတ်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။