စစ်ကောင်စီရဲ့ ဖမ်းဆီး အကျဉ်းချမှုကို ခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား ရုပ်ရှင်ရိုက်ကူးသူ တိုရူ ကူဘိုတာက သူ့ကို ချုပ်နှောင်ထားတဲ့ နေရာဟာ ငရဲလိုပဲလို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကူဘိုတာက မြန်မာ စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဂျပန် အစိုးရက ပိုပြီး ဖိဖိစီးစီး ကြပ်မတ် အရေးယူပေးဖို့လည်း ဖိအားပေး တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်ချက်ကြောင့် ပြည်တွင်းရေး မတည်ငြိမ်မှုတွေ ပေါ်ပေါက်နေသလို နိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ သတင်းမီဒီယာသမားတွေနဲ့ နိုင်ငံခြားသားတွေ အပါအဝင် လူပေါင်း သောင်းနဲ့ချီ မတရား ဖမ်းဆီး ချုပ်နှောင် ခံထားရပါတယ်။ ကူဘိုတာကလည်း အဲဒီလို အဖမ်းခံရသူတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပြီး မကြာသေးမီကမှ တခြား နိုင်ငံခြားသား ၃ ယောက်နဲ့အတူ ပြန်လည် လွတ်မြောက်လာတာပါ။
“တကယ် ဆိုးရွားလွန်းတယ်ဗျ။ ငရဲဆိုတာ ဒီလိုပါလားလို့ ကျွန်တော် နားလည်သွားတယ်”လို့ တိုကျိုမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ကူဘိုတာက ပြောပါတယ်။ ဇူလိုင်လက ဆန္ဒပြပွဲ တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့နောက် ရဲတွေက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာတွေကို ကူဘိုတာက ဖွင့်ဟခဲ့တာပါ။
လူတွေ ပြည့်နှက်ပြီး နံစော်နေတဲ့ အခန်းကျဉ်းလေး တစ်ခုထဲမှာ သူဟာ ကျောတစ်ခင်းစာ နေရာတောင် မနည်းရှာပြီး လှဲလျောင်းခဲ့ရတယ်လို့ ကူဘိုတာက ဆိုတယ်။ ပြီးတော့ သူနဲ့ ဘဝတူ အကျဉ်းသား တချို့ကို ထောင်အရာရှိတွေက တုတ်နဲ့ ရိုက်နှက်တာမျိုးတွေ ကူဘိုတာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ကို နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အင်းစိန်ထောင်ကြီးဆီ လွှဲပြောင်းပေးလိုက်ပါတယ်။
မြန်မာ စစ်ကောင်စီရဲ့ ပြန်ကြားရေး အရာရှိကတော့ ကူဘိုတာရဲ့ စွပ်စွဲ ပြောဆိုမှုနဲ့ ပတ်သက်လို့ ဘာတုံ့ပြန် မှတ်ချက်မှ မပေးခဲ့ပါဘူး။ ကူဘိုတာဟာ မြန်မာနိုင်ငံမှာ ဆူပူလှုံ့ဆော်မှုနဲ့ ဆက်သွယ်ရေး ဥပဒေတွေ ချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရပါတယ်။ နောက်တော့ အခုလထဲမှာ ကျရောက်တဲ့ အမျိုးသားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးတဲ့အခါ တခြားနိုင်ငံခြားသား ၃ ဦးနဲ့အတူ ကူဘိုတာလည်း ပြန်လွတ်ပြီး ဂျပန်ကို ပြန်လာခွင့် ရခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး မူဝါဒ အကြံပေးဟောင်း ဖြစ်ခဲ့ဖူးသူ ဩစတြေးလျ နိုင်ငံသား ရှောင်တာနဲလ်ကလည်း နေရပ်ပြန်ရောက်ချိန်မှာ မြန်မာနိုင်ငံက ဆိုးရွားလှတဲ့ အကျဉ်းခန်းတွေအကြောင်း အကုန်အစင် ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ဂျပန်အစိုးရဟာ စစ်တပ်အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ထောက်ပံ့ရေး ကဏ္ဍတွေကို ရပ်နားထားပေမယ့် ဒီထက်ပိုပြီး တင်းမာပြတ်သားတဲ့ ဖိအားပေးမှုတွေ လိုအပ်နေကြောင်း ဖိအားပေး ခံနေရပါတယ်။ ကူဘိုတာကလည်း “ကျွန်တော်ကတော့ ဂျပန် အစိုးရဟာ မြန်မာစစ်တပ်အပေါ် ပိုပြီး အားကောင်းတဲ့ ဖိအားပေးမှုမျိုး ရှိစေချင်တယ်”လို့ ဆိုတယ်။ ပြီးတော့ ဂျပန်ကနေ မြန်မာနိုင်ငံဆီ စီးဝင်နေတဲ့ ငွေကြေးလမ်းကြောင်း အားလုံးကိုလည်း စေ့စေ့စပ်စပ် စောင့်ကြည့်သင့်ကြောင်း သူက တိုက်တွန်းသွားပါတယ်။