ဖက်ဒရယ်ရေးရာ – အယ်ဒီတာနှင့် ပေးစာ ပြန်စာ

သို့ /

ကိုမြင့်မာန်ရေ….

ဒီတစ်ပတ်တော့ ကိုမြင့်မာန်က DNA ရဲ့ အယ်ဒီတာအဖွဲ့ကို ဖက်ဒရယ်အရေးအတွက် ပေးစာ တစ်စောင်ကို ပို့လာပါတယ်။ ကိုမြင့်မာန်ရဲ့ မေးမြန်းချက် အပြည့်အစုံကို ဖော်ပြပြီး၊ အယ်ဒီတာအဖွဲ့ရဲ့ ပြန်စာကိုပါ ပူးတွဲ ဖော်ပြလိုက်ရပါကြောင်း….။

လေးစားရပါသော အယ်ဒီတာအဖွဲ့ခင်ဗျား

မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ ပဋိပက္ခတွေ ကြုံတွေ့လာရပါတယ်။ အတွေးအခေါ်အယူအဆပြဿနာ၊ လူမျိုးရေးပြဿနာ၊ နိုင်ငံရေးပြဿနာ စသည်ဖြင့် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိနေပါတယ်။ အရင်ကလည်း ရှိခဲ့တယ်။ အခုလည်း ရှိတယ်။ နောင်လည်း ရှိလာမယ့် သဘောတွေ တွေ့နေရတယ်။ မြန်မာ့နိုင်ငံရေးပြဿနာများကို ဆွေးနွေးတဲ့အခါ ဖက်ဒရယ်ဟာ အဖြေဖြစ်မယ်လို့ တစွန်းတစ ကြားဖူးပါတယ်။ ဖက်ဒရယ်ဟာ နိုင်ငံ့အတွက် တကယ့်အဖြေဟုတ်ပါသလား။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ် ဘာကြောင့် လိုအပ်ပါသလဲ။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဆွေးနွေးပေးစေလိုပါတယ်ခင်ဗျ။ ဖက်ဒရယ်အယူအဆရေး‌ရာတွေ ကျယ်ကျယ်လောင်လောင် ပြောနေကြပေမယ့် ဘာကြောင့်လိုအပ်သလဲဆိုတာကို အခြေခံကျကျ လူပိန်းနားလည်အောင် ပြောသူနည်းပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်ခင်ဗျား။

ကိုမြင့်မာန်ရေ….။

မြန်မာနိုင်ငံဟာ အတွေးအခေါ်ဓလေ့မှာလည်း မနှစ်မြို့ဖွယ်တွေ ရှိနေတတ်သလို အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းအတွက်လည်း အတားအဆီး အဟန့်အတားဖြစ်တဲ့ အတွေးအခေါ်အယူအဆတွေ ဒင်းကြမ်းပြည့်နေတယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် လူမျိုးရေးပယောဂနဲ့ နိုင်ငံရေးပြဿနာတွေကလည်း များစွာ ရှိနေတာကို တွေ့ရှိနေတာ အမှန်ပါပဲ။ အနာဂတ်ကာလတွေအထိ လူ့အဖွဲ့အစည်းမှာ ဆင်တူကြောင်းကွဲ ပြဿနာတွေ ထပ်ရှိလာအုံးမယ့်အလားအလာတွေကိုလည်း ပြသနေပါတယ်။ ခေတ်အဆက်ဆက်က လူမျိုးစုပညာတတ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်းက လူထုနိုင်ငံရေးသမားစစ်စစ်တွေဟာ – ဖက်ဒရယ်စနစ်ကို မြန်မာ့နိုင်ငံရေးပဋိပက္ခအားလုံးရဲ့ အဖြေလို့ ယုံကြည်လက်ခံထားကြပါတယ်။

ကိုမြင့်မာန် ပေးတဲ့ ပေးစာထဲမှာ — ဖက်ဒရယ်ဟာ နိုင်ငံ့အတွက် တကယ့်အဖြေ ဟုတ်ပါသလား… လို့ မေးထားပါတယ်။ ဖက်ဒရယ်ဟာ နိုင်ငံ့အတွက် လူမျိုးစုပြဿနာနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ တကယ့်အဖြေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ဟာ ဘာလို့ “တကယ့်အဖြေဖြစ်ပါတယ်” လို့ ယတိပြတ် မဖြေရသလဲဆိုရင်၊ “မဖြေဝံ့” လို့ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်စနစ်ကို လက်တွေ့ မကျင့်သုံးဖူးသေးပါဘူး။ နိုင်ငံရေးစနစ်တွေ၊ အယူဝါဒတွေကို လက်တွေ့ကျင့်သုံးတဲ့အခါမှာ မူရင်း တန်ဖိုးတွေနဲ့ တိမ်းချော်လွဲမှားတာတွေ ဖြစ်တတ်ပါတယ်။ တော်လှန်ရေးအလွန် ကာလရောက်ခဲ့သည်ရှိသော်…. မြန်မာနိုင်ငံမှာ ဘယ်လို ဖက်ဒရယ်စနစ်မျိုးကို လက်တွေ့ အကောင်အထည်ဖော်ကြမယ်ဆိုတာ မှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တကယ့်အဖြေ ဖြစ်ဖို့အတွက် လက်တွေ့ကျင့်သုံးမှုအပေါ်မှာ အဓိက မှီတည်နေတယ်လို့ ပြောပါရစေ။

ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲလို့ အကျဉ်းချုပ် ပြောရရင် — ဖက်ဒရယ်ဆိုတာ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးနဲ့ အခွန်ဘဏ္ဍာခွဲဝေ ကျင့်သုံးတဲ့စနစ်ပါပဲ။ ဒီစနစ်ကို လူထုကိုယ်စားပြုရွေးကောက်ပွဲနဲ့ တက်လာတဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိတိကျကျ အာဏာခွဲဝေသတ်မှတ်ပြီး အာမခံချက်ရှိရှိ စနစ်တကျ ကျင့်သုံးတဲ့စနစ်လို့ ပြောနိုင်ပါတယ်။

မြန်မာပြည်မှာ – နိုင်ငံရေးပြဿနာ၊ လူမျိုးစုပြဿနာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေပါတယ်။ ဒီပြဿနာတွေနဲ့ ဒီလက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဖက်ဒရယ်ဟာ လူမျိုးစုအသီးသီး၊ အစုအဖွဲ့အသီးသီးရဲ့ ဗဟိုဆုံချက်တစ်ခု ဖြစ်တယ်လို့ နားလည်ပါတယ်။ ဘယ်သူကမှ ဗိုလ်ကျစိုးမိုးတာမျိုး မရှိဘဲနဲ့ တန်းတူညီစွာ ၊ တရားမျှတစွာနဲ့ နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ အခွန်ဘဏ္ဍာတွေ၊ သဘာဝသယံဇာတတွေကို ခွဲဝေသုံးစွဲတဲ့ စနစ်မျိုးကို ဖက်ဒရယ်စနစ်မှာ တွေ့ရှိရပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ် လိုအပ်ချက်ဟာ သိသာထင်ရှားနေပါတယ်။

အယ်ဒီတာအဖွဲ့…..

၂၂ ၊ နိုဝင်ဘာ၊ ၂၀၂၂။