ကလေး-တမူးလမ်းပေါ်မှာ အိန္ဒိယနိုင်ငံဘက်ကလာတဲ့စစ်ကောင်စီယာဥ်တန်းကို မနေ့နိုဝင်ဘာ ၂၆ ရက်နေ့ကKalay( PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ၅၅ မိုင်အနီးက အမှတ် (၁) အကျဉ်းစခန်းမှာ ညအိပ်ပြီး ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ၅၆ မိုင်နဲ့ မြကလေးတောင်ကြားမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မူကြောင့် စစ်ကောင်စီစစ်သားတွေ ထိခိုက်သေဆုံးနိုင်ပြီး အရေအတွက်ကိုတော့ အတည်မပြုနိုင်ဘူးလို့ PDF ( Kalay) က ထုတ်ပြန်ထားပါတယ်။
” ခုလောလောဆယ် သူတို့ဘက်က ထိခိုက်မူကို မသိနိုင်ဘူး။ ကျနော်တို့ရဲဘော်တွေလည်း အလုပ်များနေကြတယ်။ နောက်တော့သိရမှာပါ” လို့ ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
နောက်ဆုံးအကြိမ်မိုင်းဆွဲတိုက်ခိုက်မူမှာတော့ လမ်းမြေသားပြတ်ထွက်သွားတဲ့အတွက် စစ်ကောင်စီယာဥ်တန်းဟာ ရှေ့ဆက်မတိုးနိုင်ဘဲ မြကလေးတောင်ခြေမှာညအိပ်ရပ်နားခဲ့ရတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေကဆိုပါတယ်။
အဲဒီညမှာပဲ စစ်ကောင်စီယာဉ်တန်းနဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးRanger Kalaly Defence Foece က ရဲဘော်နှစ်ဦး လက်နက်ကြီးမှန် ဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။
” ကျနော်တို့က ရှောင်နေရတာဆိုတော့ အသံပဲကြားရတယ်။ မနက်ဆယ်နာရီခွဲလောက်ကနေ ညနေပိုင်းအထိကြားရတာ။ ညနေပိုင်းမှာ ပေါက်ကွဲအသံက တော်တော်ကိုကျယ်တယ်’’ လို့လည်း ဒေသခံတဦးက သူကြားသိရတဲ့ အခြေအနေကို ပြောပါတယ်။
လက်ရှိမှာတော့ မိုင်းဆွဲမှုကြောင့် လမ်းမြေသားပြတ်ထွက်သွားတာကို စစ်ကောင်စီတပ်သားတွေက ဘူဒိုဇာတွေနဲ့ လမ်းသစ်ဖောက်ဖို့ လုပ်နေတယ်လို့လည်း ကလေးမြောက်ပိုင်းဒေသခံက ဆက်ပြောပြပါတယ်။
ဒီစစ်ကောင်စီယာဉ်တန်းဟာ တမူးမြို့က ထွက်ခွာလာကတည်းက ဒေသခံတချို့နဲ့ အကျဉ်းသားတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်လည်း ရှိပါတယ်။
လက်ရှိ စစ်ကောင်စီယာဥ်တန်းဟာ ကလေးမြို့နယ်ထဲကို ရောက်ရှိနေပြီး စစ်ရေးတင်းမာနေတာကြောင့် ကလေး -တမူး လမ်းမကြီးကို သွားလာခြင်းမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ဒီစစ်ကောင်စီယာဥ်တန်းဟာ နိုဝင်ဘာလ (၁၄) ရက်နေ့ကစလို့ တမူးမြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ကလေး-တမူး လမ်းမပေါ်မှာ ရက်သတ္တပတ်နှစ်ပတ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
ကလေး-တမူး လမ်းဟာ မိုင်ကိုးဆယ်နီးပါးသာရှိပြီး ကားနဲ့သုံးနာရီကြာသာ မောင်းရတဲ့ခရီးတဲ့ဖြစ်ပါတယ်။ ဒီခရီးကို ကားဆယ်စီးကျော်ပါဝင်တဲ့ စစ်ကောင်စီယာဥ်တန်းက လုံခြုံရေးအများအပြားနဲ့ လာနေတဲ့အတွက် စစ်လက်နက်ပစ္စည်းတွေ ပါလာနိုင်တယ်လို့လည်း ဒေသခံတွေက မှန်းဆကြပါတယ်။