မြ၀တီမင်းကြီး ဆရာတော်ပျံလွန်တော်မူခြင်း တလပြည့်ပူဇော်ပွဲကို စစ်ကောင်စီပိတ်ပင်

မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်မှာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြဝတီမင်းကြီးဆရာတော်ရဲ့ တလပြည့် ဂုဏ်ကျေးဇူးဆပ်ပူဇော်ပွဲကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ကျင်းပခွင့်မပြုဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။

“သူတို့က ဆရာတော်ကြီးနှင့် ပတ်သက်သမျှ ဘာဆိုဘာမှ ခွင့်ပြုမှာမဟုတ်ဘူး။ အကုန်လိုက်ပိတ်မှာ” လို့ မန္တလေး သံဃသမဂ္ဂ ဦးဆောင်ဆရာတော် အရှင်ရာဇဒမ္မက DNA ကို ပြောပါတယ်။

မြဝတီမင်းကြီးဆရာတော်ဟာ စစ်ကောင်စီရဲ့ အန္တရာယ်ကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ရှောင်တိမ်းသီတင်းသုံးနေရင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ နှလုံးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

ဆရာတော်ပြန်လွန်တော်မူပြီး တလအကြာမှာ မန္တလေးမြိုက ဒါယိကာဒါယိကာမတွေက တလပြည့်ပူဇော်ပွဲလုပ်ဖို့ စီစဥ်ရာမှာ စစ်ကောင်စီက ခုလိုပိတ်ပင်ခဲ့တာပါ။

“လွတ်လပ်စွာယုံကြည်ကိုယ်းကွယ်ခွင့် တခုနဲ့ပဲ တိုင်းကြည့်ဦး။ စစ်ကောင်စီလက်အောက်မှာ ဘာလူ့အခွင့်ရေးမှမရှိဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မြဝတီမင်းကြီးဆရာတော်ဟ ၀ဋံသကာဘွဲ့၊ မဟာဓမ္မာစရိယဘွဲ့၊ အဘိဝံသဘွဲ့တွေ ရရှိခဲ့တဲ့အပြင် စစ်အာဏာရှင် တော်လှန်ရေး အဆက်ဆက်မှာ စွမ်းစွမ်းတမံပါ၀င်ခဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်လို့လည်းတော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုပြောဆိုကြပါတယ်။

မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ ရှစ်လေးလုံးအရေးအခင်း၊ လက်ပံတောင်းအရေးတို့မှာ ပြည်သူတွေဘက်ကရပ်တည်ခဲ့တဲ့အပြင် စစ်အာဏာရှင်တော်လှန်ရေးမှာလည်း သံဃာကွန်ရက်နှင့်အတူ ပါ၀င်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဟောပြောလှုပ်ရှားခဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

မြန်မာစစ်တပ်က ၂၀၁၉ ခုနှစ်မာ ဆရာတော်ကို ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာတော့ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ခြောက်လအကြာမှာ လွတ်မြောက်လာပေမယ့် ဆရာတော်ဟာ စစ်ကောင်စီရဲ့ အန္တရာယ်ကြောင့် ရှောင်တိမ်းသတင်းသုံးရင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပျံလွန်တော်မူခဲ့ရတာ ဖြစ်ပါတယ်။