ကန့်ဘလူနယ်ထဲက ရွာတွေမှာ လူနေအိမ်တွေထဲ မြေမြှပ်မိုင်းတွေတွေ့လို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေ

အခုနိုဝင်ဘာလထဲမှာပဲ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်မီးရှို့တာတွေဆက်တိုက်ဖြစ်နေတဲ့ ကန့်ဘလူနယ်ထဲက ကျေးရွာတွေမှာ လူနေအိမ်ခြံဝန်းတွေထဲမြေမြှုပ်မိုင်းတွေ မကြာခဏတွေ့နေတာကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာကနေပြန်ထွက်လို့ ဒေသခံတွေ ကျေးရွာတွေထဲ ပြန်ဝင်ချိန်မှာ အခုလိုခြံဝန်းတွေထဲ မိုင်းတွေတွေ့ရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကြောက်စိတ်တော့ များကြတာပေါ့ဗျ၊ ကိုယ့်အိမ်လေးတွေ မီးရှို့ခံရလို့ စိတ်ညစ်ရတာတပိုင်း၊ ရွာထဲဝင်ရတော့လည်း အသက်အန္တရာယ်ခြိမ်းခြောက်နေတဲ့ မိုင်းအန္တရာယ်ပါ စိုးရိမ်နေရတော့ အတော်အဆင်မပြေကြပါဘူး” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က DNA ကိုပြောပါတယ်။

အခုလ နိုဝင်ဘာ ၁၇ ရက်နေ့မှာလည်း ပင့်သာရွာထဲက အိမ်ဝန်းထဲမှာပဲ မိုင်းနင်းမိလို့ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားတဦး ခြေထောက်ဖြတ်ပစ်လိုက်ရတဲ့ အခြေအနေဖြစ်ခဲ့သလို
နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း ပင့်သာရွာထဲမှာပဲ မြေမြှုပ်မိုင်းတလုံး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။

လက်ရှိဒေသခံတွေ အိမ်ဝန်းထဲမှာ တွေ့ရတဲ့ မိုင်းတွေဟာ M 14 လူသတ်နင်းမိုင်း အမျိုးအစားဖြစ်ပြီးရန်သူဝင်ရောက်လာနိုင်တဲ့လမ်းနဲ့ လူကင်းမကျနိုင်တဲ့နေရာတွေမှာ မိုင်းနဲ့ကာထားတဲ့ ပုံစံအသုံးပြုတာဖြစ်တယ်လို့ CDM စစ်သားတဦးက ဆိုပါတယ်။

အခုလို လူနေအိမ်တွေမှာ ထောင်ထားတာကတော့ တော်လှန်ရေးအင်အားစုတွေ မှီခိုရတဲ့နေရာတွေကို ပြန်ဝင်မရအောင် ပြည်သူတွေထိတ်လန့်သွားအောင်နဲ့ တော်လှန်ရေးရဲ့ ရေသောက်မြစ်ကို ဖြတ် ချင်လို့ ဒီလိုမိုင်းတွေထောင်ခဲ့တာလို့ မြင်တယ်လို့ ဆက်ပြောပါတယ်။

“စစ်ကောင်စီနဲ့ အာဏာရူးလူတစုကတော့ ထိချင်တဲ့လူထိ ပြည်သူသော တော်လှန်ရေး အင်အားစုသော ဘယ်သူ့မျက်နှာမှ မကြည့်တော့ဘဲနဲ့ အကုန်လုံးကို လက်စတုန်းချေမှုန်းပြီးတော့ သူတို့ကိုထောက်ခံတဲ့လူ ကျန်ရင်ရပြီဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နေတာဖြစ်တဲ့အတွက် လူမဆန်တဲ့ လုပ်ရပ်လို့ ပြောလို့ကိုမသင့်တော့ဘူး။ လူမဆန်တဲ့အဆင့်ကို မဟုတ်တော့ဘူး၊ ဘာနဲ့နှိုင်းရမှန်းကို မသိအောင်ထိ ယုတ်မာပြီး လုပ်နေတယ်” လို့ စစ်တပ်ကနေ CDM လုပ်လာတဲ့ ဗိုလ်မှူး ထင်လင်းအောင်က မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ကန့်ဘလူ ကျွန်းလှနယ်မြေထဲကို နိုဝင်ဘာလ တလလုံးစစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့နေတာကြောင့် ဒေသခံထောင်ချီဟာလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။