ချင်းပြည်နယ် မတူပီမှာ စပါးထွက်နှုန်းကျဆင်းလာ

ချင်းပြည်နယ် မတူပီမြို့ဒေသတဝိုက် ကျေးရွာတချို့မှာ ရာသီဥတုဒဏ်နဲ့ စစ်ဘေးအခြေအနေတွေ ကြောင့် စပါးထွက်နှုန်း သိသိသာသာ ကျဆင်းလာတယ်လို့ ဒေသခံတောင်သူတွေက DNA ကိုပြော ပါတယ်။

“ဒီနှစ်တော့ စပါးထွက်နှုန်းတော်တော်ကျတယ်၊ အရင်က (၂၅) အိတ်လောက်ထွက်တဲ့ဟာကို ဒီနှစ် (၁၄) အိတ်လောက်ပဲရတယ်၊ ပင်ပန်းတာပဲ အဖတ်တင်တယ်” လို့ ဒေသခံတောင်သူတဦးက ပြောပါ တယ်။

ဒီနှစ်မှာ မိုးရွာသွန်းမှု အလွန်နည်းပါးခဲ့ပြီး လယ်ယာတွေအတွက် ရေအလုံအလောက်မရလို့ ဒေသတွင်း တောင်သူတွေအနေနဲ့ စိုက်ပျိုးမြေအကုန် မစိုက်နိုင်တာတွေလည်း ရှိတယ်လို့သိရပါတယ်။

“နိုင်ငံရေးလည်းမကောင်းတဲ့ထဲ လယ်လည်းကောင်းကောင်းမလုပ်နိုင်တော့ စား၀တ်နေရေးတွက်စိတ်ပူရတယ်” လို့ မတူပီမြို့ခံ တောင်သူတဦးက ဆိုပါတယ်။

ဒါ့အပြင် ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပေါ် ထိခိုက်တာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒေသတွင်းမှာ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တာ၊ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေ အချိန်မရွေးဖြစ်နိုင်လို့ စပါးတွေ ကောင်းကောင်းမရင့်မှည့်ခင်မှာပဲ ရိတ် သိမ်းကြရတာဟာလည်း အခုနှစ်စပါးထွက်နှုန်း ကျဆင်းရတဲ့ အကြောင်းအရင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စပါးထွက်နှုန်း ကျဆင်းတာကြောင့် ဒေသတွင်းရိက္ခာလိုအပ်ချက် ပိုမိုမြင့်တက်လာမှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြရပါတယ်။

ချင်းပြည်နယ်တွင်း ဒေသတချို့မှာ အရင်က စပါးစိုက်ပျိုးမှု အားမကောင်းပေမယ့် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့တာ၊ ကုန်စည်စီး ဆင်းမှု နှောင့်နှေးတာတွေဖြစ်လာပြီး စျေးနှုန်းတွေ မြင့်တက်လာလို့ ရိက္ခာအတွက် ရွှေ့ပြောင်း တောင်ယာကို ဦးစားပေး လုပ်ကိုင်တာတွေ ပြန်ရှိလာပါတယ်။