ရန်ကုန်တိုင်း၊ ကမာရွတ်မြိုနယ်ထဲက ဗဟိုလမ်းမှာရှိတဲ့ TT Diamond စိန်ဆိုင်မှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက်နေ့လယ်ပိုင်းက အနုကြမ်းစီးမှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုကြောင့်ဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ဒါနဲ့ဆိုနှစ်ကြိမ်မြောက်ပေါ့၊ ဆိုင်ထဲအတင်းတံခါးဖွင့်ဝင်တော့ဆိုင်က လုံခြုံရေးအချက်ပေးအသံတွေထမြည်တာ။ အဲ့ဒါကိုပစ်ပြီးပြေးသွားတာ သူတို့ဆိုင်ထဲတော့ မရောက်လိုက်ဘူး။ ကျွန်တော်တို့ဆိုင်က လုံခြုံရေးဝန်ထမ်းတယောက် ထိသွားတယ်လို့ ‘’ TT Diamond စိန်ဆိုင်က တာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေလည်း ဆိုင်အနီးမှုတွေလုပ်နေပြီး ထိခိုက်ဒဏ်ရာရတဲ့လုံခြုံရေးဝန်ထမ်းကိုလည်း လူနာတင်ယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ အနီးအနားကဒေသခံတွေကပြောပါတယ်။
‘’အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ လုံခြုံရေးကတော့ ကျွန်တော်တို့ အမြဲအသင့်ပြင်ဆင်ထားရတာပေါ့။ CCTV ရောဘာရော အကုန်ပြင်ဆင်ထားလို့ ဘာမှမဖြစ်သွားတာ။ ပစ္စည်းတွေလည်း အရင်လိုခင်းမထားတော့ဘူး’’လို့ ဆိုင်တာဝန်ရှိသူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း ကမာရွတ်မြိုနယ်ထဲက ဗဟိုလမ်းမှာရှိတဲ့ TT Diamond စိန်ဆိုင်မှာပဲလုယက်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ နာရီနဲ့ချီအောင် လမ်းပိတ်စစ်ဆေးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။
ရန်ကုန်မြို့ရဲ့ လူစည်ကားရာမှာဖြစ်တဲ့ အခုလို လုယက်အနုကြမ်းစီးမှုတွေကြောင့် ဒေသခံတွေလည်း စိတ်ပူစိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
Photo – သြဂုတ်လတုန်းက TT Diamond စိန်ဆိုင် ပထမအကြိမ်လုယက်ခံရချိန် စစ်ကောင်စီတပ်တွေ စစ်ဆေးနေတဲ့မြင်ကွင်း