မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ နိုဝင်ဘာ(၂၃)ရက် ဒီကနေ့ မနက်ပိုင်းက ရေးမြို့မရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင် သုံးဦးလိုက်ပါလာတဲ့ကား ရေး-ထားဝယ်ကားလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ မနက်က စခန်းမှူးကား လမ်းမှာတိုက်ခိုက်ခံရတာက ဟုတ်တယ်၊ ကျွန်တော်ကိုယ်တိုင်မြင်ရတာတော့ မဟုတ်ဘူးပေါ့လေ၊ မိတ်ဆွေတစ်ယောက်က တွေ့လိုက်ရတာကို သူတွေ့တဲ့အချိန်က အဲနေရာကို စစ်သားတွေရောက်လာတယ်၊ ပြီးတော့ လူနာတင်ကားတွေလည်း ရောက်လာတယ်၊ ထိခိုက်သေဆုံးတဲ့သူတွေကို ကားနဲ့သယ်သွားတာ သူတွေ့ခဲ့တယ်၊ ဘယ်လောက်သေလဲ မသေဘူးဆိုတာတော့မသိရဘူးပြောတယ်” လို့ ရေးမြို့ဒေသခံတဦးက DNA ကိုပြောပါတယ်။
ရေးမြို့မစခန်းမှူးလှဌေးနဲ့ တပ်ဖွဲ့ဝင်တချို့လိုက်ပါစီးနင်းလာတဲ့ကားကို ရေးမြို့နယ် ကျုံလောင်ကျေး ရွာ ရေး-ထာဝယ်ကားလမ်းမပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် စခန်းမှူး ဒုရဲမှူး လှဌေးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး M–16 သေနတ်တစ်လက် နဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ကဆိုပါတယ်။
လက်ရှိမှာတော့ ရေးမြို့ပေါ်နဲ့ ရေး-ထားဝယ်အဝေးပြေးလမ်းမတွေမှာ စစ်ကောင်စီလက်အောက်ခံတပ်နဲ့ ရဲတွေက လမ်းသွားလမ်းလာသူတွေနဲ့ မော်တော်ယာဉ်တွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ၊ ဝန်ထမ်းတွေနဲ့ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်သူတွေကို ပစ်ခတ်ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာတွေရှိပါတယ်။