ရွှေကျင်မြို့အနီးက ရွာတွေကို စစ်ကောင်စီက ရွှေ့ပြောင်းခိုင်းနေတယ်လို့ဆို

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့စွန်နားက ခြေတော်ရာ၊ ကျွဲတဲနဲ့ ကျွဲတဲ (ကွက်သစ်) က ဒေသခံတွေကို ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီဘက်က ပြောဆိုမှုတွေရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး သတင်းနဲ့ပြန်ကြားရေးက ဒီကနေ့ နိုဝင်ဘာ(၂၃)ရက်မှာထုတ်ပြန်ပါတယ်။

ဘောကထာ၊ သံဆိပ်၊ တုံးတံတားတိုက်ပွဲအပြီးမှာစစ်ကောင်စီက အဲ့ဒီရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ စီစဉ်နေလို့ စစ်ကြောင်းထိုးချိန် ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် ယာယီရွှေ့ပြောင်းထားပေးကြဖို့ ရဲနဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေက လိုက်လံပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရွှေကျင်-သံဆိပ်-ဘောကထာ ကားလမ်းဘေးရွာတွေကို နိုဝင်ဘာ (၁၄)ရက်ကတည်းက ရွှေပြောင်းခိုင်းထားပြီး ကျွဲတဲနဲ့ ခြေတော်ရာ(ရှမ်းရွာ) ကိုတော့ နိုဝင်ဘာ (၂၁)ရက်မှာ ထပ်ပြီးသတိပေးထားပေမယ့် ချက်ချင်းပြောင်းရွှေ့ဖို့ အခက်အခဲရှိလို့ ဒေသခံတွေက ရွှေ့ပြောင်းတာမျိုး မရှိသေးဘူးလို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါပေမယ့်ရွှေကျင်၊ ကျောက်ကြီးနယ်တဝိုက် တချို့ရွာတွေဘက်က စစ်ရှောင်တွေကတော့ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက နီးစပ်ရာတခြားမြို့က သက်ဆိုင်ရာ ခရစ်ယာန် ဘုရားကျောင်းတွေမှာ စစ်ရှောင်ခိုလှုံနေကြတယ်လို့ စစ်ရှောင်တွေနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

“ဘုရားကျောင်းမှာလာရင်တော့ ဘုရားကျောင်းက အဖွဲ့က ထမင်းကျွေးထားတယ်၊ ရွာက သီးနှံတွေဘာတွေလည်းပို့ပေးပြီး ဝိုင်းချက်စား အဲ့လိုပဲ သူတို့ခေါ်ထားတယ်၊ သီးသန့်သူတို့ထောက်ပံ့တာတော့မရှိဘူး၊ အရင်ကအခြေအနေကောင်းပြီဟေ့ဆို ပြန်သွားကြတယ်၊ နောက်ပြန်ဖြစ်ရင် တခါပြန်လာကြတယ်၊ အဲ့ဒါနဲ့ပဲမပြန်ဖြစ်တော့ဘူး” လို့ စစ်ရှောင်တွေခိုလှုံရာ ဘုရားကျောင်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။

ရွှေကျင်မြို့နယ်တဝိုက်က ဒေသခံတွေ ရွှေ့ပြောင်းပေးရမယ်လို့ သတင်းထွက်နေတာ၊ ညဘက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာနဲ့ ရွှေကျင်မြို့တွင်း စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေတာတွေကြောင့် ဒေသခံပြည်သူတွေ ထိတ်လန့်ပြီးနေထိုင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။