စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း ကျေးရွာတွေကို စစ်တပ်က ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးနေလို့ ရွာကိုးရွာက ပြည်သူတသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
“ဆောင်းတွင်းဆိုတော့ အနွေးထည်၊ စောင်၊ မိုးကာနဲ့ အစားအသောက်၊ ဆေးဝါးတွေ အရေးပေါ်လို အပ်တယ်ဗျ၊ ရွာထဲလည်း စစ်ကြောင်းထွက်တောင် နှစ်ရက်သုံးရက်လောက်ရောက်တဲ့ထိ ပြန်မဝင်ရဲ ကြဘူး၊ စစ်ကြောင်းထိုးခံရတဲ့ရွာတိုင်းမှာ စားစရာဘာမှမကျန်တာဗျ” လို့ အဲ့ဒီအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ (နိုဝင်ဘာ ၂၁) ရက်ကလည်း ခဝါသည်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး ပြာကျပျက်စီးခဲ့ပြီး ရွာခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ကြရတယ်လို့ သိရပါတယ်။
အင်အား သုံးရာဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ (၂၁) ရက် ညနေနဲ့ ညပိုင်းအချိန်တွေမှာ ခဝါသည်ရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး ပြည်သူပိုင်နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်စီးနင်းတာတွေ၊ အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ခဂါသည်ကျေးရွာဟာ နေအိမ် (၁၃၅) လုံးရှိတဲ့ရွာဖြစ်ပြီး စစ်ကောင်စီက အိမ်တရာလောက်ကို မီးရှို့သွားတာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။
အဲ့ဒီလိုစစ်ကြောင်းထိုး မီးရှို့တာကြောင့် ခဝါသည်ရွာ အနီးအနားက စည်းသာ၊ ပုတီး၊ နနွင်းတော၊ ညောင်ကိုင်း၊ သရက်တထောင်၊ မြင်သာကုန်း၊ ပေါယောနဲ့ စစ်တောစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ တသောင်းဝန်းကျင်ဟာလည်း ရွာကိုစစ်ကြောင်းဝင်လာပြီး မီးရှို့ခံရမှာစိုးရိမ်လို့ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
စစ်တပ်က စစ်ကြောင်းထိုးခံရတဲ့ ရွာတိုင်းမှာ ဈေးဆိုင်ကအစ မွှေနှောက်ဖျက်ဆီးခဲ့ပြီး အစားအသောက်တွေကိုလည်း ဖျက်ဆီးသွားတဲ့အပြင် အဲ့ဒီစစ်ကြောင်းတွေက ရွာစဉ်တွေလှည့်ပတ်နေတာကြောင့် လမ်းကြောင်းတွေအကုန်ပိတ်ပြီး ဈေးဝယ်မရတဲ့ အခြေအနေတွေလည်း ဖြစ်နေတယ်လို့ဆိုပါတယ်။
“တောထဲမှာ မြေကြီးပေါ်မှာ အမိုးအကာမရှိ စောင်မပါဘဲအိပ်ရတော့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အရမ်းဒုက္ခရောက်ကြတယ်ဗျ၊ ကျန်းမာရေးမှာ နာမကျန်းဖြစ်တာတွေနဲ့ သွေးတိုးဖြစ်တာများတယ်လို့ သိရတယ်၊ ကြောက်စိတ် ပူပင်စိတ်တွေများတော့ သွေးတိုးရောဂါဖြစ်လာကြတယ်လို့ပြောပါတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့ အခက်အခဲတွေကြောင့် ဒေသခံပြည်သူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ဖို့ အခက်အခဲတွေရှိနေပြီး လက်ရှိအချိန်မှာတော့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဟာ တန့်ဆည်မြို့နယ်အတွင်းက နနွင်းတော၊ ပုတီး၊ စည်းသာ စတဲ့ရွာတွေဘက်ကို ရောက်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုပါတယ်။